Home နိုင်ငံရေး KIA ဖမ်းဆီးသွားတဲ့ စိုင်းအောင်မျိုးရဲ့ အမျိုးသမီး ပြန်လွတ်မြောက်လာ

KIA ဖမ်းဆီးသွားတဲ့ စိုင်းအောင်မျိုးရဲ့ အမျိုးသမီး ပြန်လွတ်မြောက်လာ

by Homeland Author

ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ဖမ်းဆီးသွားတဲ့ မြစ်ကြီးနားမြို့မှာ ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ စိုင်းအောင်မျိုးရဲ့ အမျိုးသမီး ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်အစောပိုင်းက KIA အဖွဲ့မှ မြစ်ကြီးနားမြို့မှာ စိုင်းအောင်မျိုးတို့ ဖွင့်လှစ်ထားတဲ့ အထည်ဆိုင်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

စိုင်းအောင်မျိုးက “ဒီရက်ပိုင်း ဖြစ်စဉ်လေး ၁ ခု ကြောင့် ကျနော်တို့ မိသားစုအပေါ် ဝိုင်းဝန်းစိတ်ပူပေးကြသော မိဘဆရာများ၊ ဆွေမျိုးမိတ်ဆွေများ နှင့် သူငယ်ချင်းညီအစ်ကိုများ၏ မေတ္တာကို အမှန်တကယ်ခံစားခွင့်ရလိုက်ပါပြီ။ သားသားမီးမီးတို့နှင့်အတူ ကလေးတို့၏မိခင် (ကျနော်ရဲ့ ချစ်ဇနီး)၊ မိသားစုအားလုံး စုံလင်စွာ ကျနော် ရင်ခွင်ထဲ ပြန်လည်ရောက်ရှိနေပါပြီခင်ဗျား” လို့ ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ထို့အတူ ကူညီစောင့်ရှောက်ပေးခဲ့တဲ့ ဝါရှောင်ဆရာတော်ဘုရားကြီးနဲ့တကွ လေးစားအားကိုးထိုက်တဲ့ ဂုဏ်သရေရှိပုဂ္ဂိုလ်တွေ၊ အဖက်ဖက်မှ လူကြီးသူမတွေကို ရိုသေလေးစားစွာ ဂါရဝပြုအပ်ကြောင်း၊ မိမိတို့အပေါ် နားလည်မှုပေးခဲ့တဲ့ာ အမျိုးအဆွေ အပေါင်းအသင်း အားလုံး အယောက်စီတိုင်းရဲ့ ကျေးဇူးတရားတွေကိုလည်း ရင်ထဲမှာ ထာဝရသယ်ဆောင်သွားမည်ဖြစ်ပါကြောင်း ရေးသားထားပါတယ်။

စိုင်းအောမျိုးရဲ့ အမျိုးသမီးကို KIA က ဘယ်ကိစ္စကြောင့် ဖမ်းဆီးရသလဲဆိုတာကို မသိရှိရပေမယ့် မြစ်ကြီးနားမြို့ပေါ်ရှိ စီးပွားရေးလုပ်ကိုင်နေတဲ့ ဆိုင်ခန်းအသေး၊ အကြီးအားလုံးကို KIA က စာပို့၍ ငွေကြေးတောင်းခံတဲ့ ကိစ္စနဲ့ သက်ဆိုင်နိုင်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

အခုလို ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ စိုင်းအောင်မျိုးရဲ့ အမျိုးသမီး ပြန်လည်လွတ်မြောက်လာတဲ့အတွက် ဝမ်းသာကြောင်း၊ အလားတူ ဖြစ်စဉ်မျိုး နောက်နောင်မဖြစ်ရေး လက်နက်ကိုင်အဖွဲ့အစည်းများက ထိန်းသိမ်းဖို့ လိုအပ်ကြောင်း ရှမ်းနီလူငယ်တဦးက မှတ်ချက်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက ရှမ်း နဲ ကချင် လူမျိုးရေး ပဋိပက္ခ မဖြစ်ဖို့ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်ဘာသာရေးခေါင်းဆောင်တွေ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

related posts

Leave a Comment