Home နိုင်ငံရေး မြစ်ကြီးနားမှာ ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ စိုင်းအောင်မျိုးရဲ့ အမျိုးသမီးကို KIA ဖမ်းဆီး

မြစ်ကြီးနားမှာ ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ စိုင်းအောင်မျိုးရဲ့ အမျိုးသမီးကို KIA ဖမ်းဆီး

by Homeland Author

မြစ်ကြီးနားမြို့မှာ ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ စိုင်းအောင်မျိုးရဲ့ အမျိုးသမီးကို ဒီနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်အစောပိုင်းက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) မှ လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

စိုင်းအောင်မျိုး နဲ့ အမျိုးသမီးတို့ဟာ မြစ်ကြီးနားမြို့မှာ အဝတ်အထည်ဆိုင်ဖွင့်၍ နေထိုင်ကြသူတွေဖြစ်ပြီး ၎င်းအမျိုးသမီးကို ဘယ်လိုကိစ္စကြောင့် KIA က ဖမ်းဆီးသွားသလဲဆိုတာ မသိရှိရသေးဘူးလို့ နီးစပ်သူတွေက ပြောပါတယ်။

“ဒီနေ့မနက် အစောကြီး သူတို့ ဆိုင်ကို ကချင်တွေ (KIA) အများကြီးနဲ့ သူ့အမျိုးသမီးကို လာဖမ်းသွားတယ်လို့ သိရတယ်။ စိုင်းအောင်မျိုးတော့ ပါမသွားဘူး။ လုံးထွေးသတ်ပုတ်ရင်းနဲ့ ကျန်ခဲ့တယ်။ ထိုးကြိတ်ခံထားရတယ်လို့တော့ သိရတယ်။ နောက်ဆက်တွဲကတော့ ဘာမှ မကြားရသေးဘူး” လို့ ၎င်းတို့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

KIA ဖမ်းဆီးသွားတဲ့ စိုင်းအောင်မျိုးရဲ့အမျိုးသမီးဟာ ပညာရေးဝန်ထမ်းတစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ဝန်ထမ်းဘဝမှ အနားယူခဲ့သလို လက်ရှိမှာ အရွယ်မရောက်သေးတဲ့ သားတစ်ဦး နဲ့ သမီးတစ်ဦး ရှိနေတယ်လို့လည်း သိရပါတယ်။

အလားတူ စိုင်းအောင်မျိုးကလည်း မြစ်ကြီးနားမြို့ ရှမ်းနီစာယဉ်အရေးတွေကို ဆောင်ရွက်နေသူဖြစ်သလို တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) ရဲ့ ပါတီဝင်တစ်ဦးဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ နိုင်ငံရေးပါတီတွေ မှတ်ပုံတင် ပြန်တင်ချိန်မှာတော့ ပါတီဝင်အဖြစ် မပါဝင်ခဲ့တော့ဘူးလို့ သိရပါတယ်။

အဆိုပါ ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူ စိုင်းအောင်မျိုးရဲ့ အမျိုးသမီးကို KIA အဖွဲ့က ဖမ်းဆီးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

အခုလို ရှမ်းနီအရေးတက်ကြွလှုပ်ရှားသူတစ်ဦးရဲ့ဇနီးကို KIA က ဖမ်းဆီးသွားတာကြောင့် တဖက် အဖွဲ့အစည်းမှ တန်ပြန်ဖမ်းဆီးမှုတွေ လုပ်ဆောင်လာနိုင်တာကြောင့် နောက်ဆက်တွဲအနေနဲ့ လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်လာမှာကို ဒေသတွင်းနေ ပြည်သူတွေက စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

KIAရဲ့ ယခုလို မတရားဖမ်းဆီးခေါ်ဆောင်တာမျိုးတွေတာ လက်ရှိနွေဦးတော်လှန်ရေးနဲ့ ပတ်သက်ခြင်းမရှိဘဲ ဒေသခံ ရှမ်းနီတိုင်းရင်းသားတွေကို နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှမှုများ မပေးလိုတဲ့အပြင် ဖက်ဒရယ်အခွင့်အရေးဆိုင်ရာများကို ကန့်သတ်လိုတဲ့အတွက် အကြောက်တရားအောက်မှာ ရှင်သန်စေဖို့ လုပ်ဆောင်နေသလို ဖြစ်နေတယ်လို့လည်း နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ ရှမ်းနီလူငယ်များက ရှုမြင်လာနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လအတွင်းက ရှမ်း နဲ ကချင် လူမျိုးရေး ပဋိပက္ခ မဖြစ်ဖို့ ရှမ်းနီစာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်၊ ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG)၊ ကချင်ဘာသာရေးခေါင်းဆောင်တွေ မြစ်ကြီးနားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သို့ပေမယ့်လည်း KIA မှ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသအပါအဝင် ဖားကန့်၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ မံစီ၊ မိုးမောက် စတဲ့ဒေသများက ရှမ်းနီနှင့် ရှမ်းတိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ မတရားဖမ်းဆီးခေါ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

လက်ရှိ KIA က ဖမ်းဆီးသွားတဲ့ စိုင်းအောင်မျိုးရဲ့ အမျိုးသမီး ပြန်လည်လွတ်မြောက်လာရေး ရှမ်းနီရပ်မိရပ်ဖတွေ၊ ရှမ်းနီစာယဉ်ခေါင်းဆောင်မှ တာဝန်ရှိသူတွေက ဆက်သွယ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

related posts

Leave a Comment