စစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာ အားပေးကူညီတာတွေ ပြုလုပ်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင် ၂၀ ဦးကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း ဒီနေ့ ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
NLD အနေနဲ့ စစ်အုပ်စုက ရွေးကောက်ပွဲ ကျင်းပဖို့ အားထုတ်နေမှုကို NLD ရဲ့ ကြားကာလဗဟိုကော်မတီ အစည်းအဝေးတွေမှာ အသိအမှတ်မပြုဖို့ နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ထုတ်ပြန်တားမြစ်ထားပြီးဖြစ်တာကို မျက်ကွယ်ပြု၍ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ် စုစုပေါင်း ၁,၁၇၁ အနက် ၁,၁၁၇ နယ် (၉၅.၃၈ %) မှာ ကျင်းပနိုင်ခဲ့ကြောင်း၊ နိုင်ငံရေးပါတီ ၉၁ ခုမှ ကိုယ်စားလှယ်လောင်း ၅,၃၇၉ ဦး နဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၂၆၀ ဦးတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တယ်လို့ NLD က ပြောပါတယ်။
အဲဒီရွေးကောက်ပွဲမှာ NLD မှ မဲဆန္ဒနယ်အားလုံးရဲ့ ၈၂.၃၆ ရာခိုင်နှုန်း အနိုင်ရရှိကာ လွှတ်တော်ကိုယ်စားလှယ် ၉၂၀ ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရတယ်လို့ ပြောပါတယ်။
စစ်အုပ်စုဟာ NLD ထံက အာဏာကို ရယူပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်နိုင်ငံ အကြီးအကဲတွေကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ၎င်းတို့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာ အားပေးကူညီတာတွေ ပြုလုပ်နေတဲ့ NLD မှ ပါတီဝင်တွေကို ထုတ်ပယ်လိုက်တာပဲ ဖြစ်ပါတယ်။
စစ်အုပ်စုဟာ အခုလ ဒီဇင်ဘာ ၂၈ ရက်မှာ ပထမအပိုင်းရွေးကောက်ပွဲမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာတော့ ဒုတိယအပိုင်း နဲ့ တတိယအပိုင်း ရွေးကောက်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

