စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်ကြီးတွေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာ ၂၅ ရက်စွဲနဲ့ ကြေညာပါတယ်။
NUG ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ဟာ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င) နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်အရ အဲဒီအမိန့်ကြော်ငြာစာကို ထုတ်ပြန် လိုက်တာလို့ ဆိုပါတယ်။
၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်အုပ်စုဟာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးကို ဥပဒေမဲ့ ခေါ်ယူ၍ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဝင်တွေကို မတရားဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့တယ်လို့ NUG က ပြောပါတယ်။
ဒါကြောင့် ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ မြန်မာစစ်တပ် ကာကွယ်ရေး စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ် နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် တို့ကို အကြမ်းဖက်သမားအဖြစ် NUG ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဌ တီခွန်မြတ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးသန်းဆွေ၊ ဦးဟင်နရီဗင်ထီးယူ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒေါက်တာ သီတာဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တို့ကိုလည်း အကြမ်းဖက်သမားများအဖြစ် NUG က ကြေညာထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ပေး ဖွဲ့စည်းခဲ့တဲ့ အစိုးရအဖွဲ့အဆက်ဆက်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဟာလည်းအကြမ်းဖက်အဖွဲ့အစည်းဟုဆိုကာ အဆိုပါ ကော်မရှင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးသိန်းစိုး၊ ဦးသောင်းတင်၊ ဦးသန်းထွန်း၊ ဦးကျောက်၊ ဦးအောင်စောဝင်း၊ ဦးသန်းဝင်း၊ ဦးစောဘလှိုင်၊ ဦးစိုးဦး၊ ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးသန်းစိုး၊ ဦးဘရန်ရှောင်၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဒေါ်နုမြဇံ၊ ဦးမြင့်သိန်း၊ ဒေါက်တာဘမောင်၊ ဦးကိုကိုလွင်၊ ဦးမင်းမင်းဦး၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးမျိုးလှိုင်၊ ဦးသန်းထွတ်သိန်း၊ ဦးတင်ဆွေဝင်း၊ ဦးအောင်မြင့်လွင်တို့ကိုလည်း အကြမ်းဖက်သမားများအဖြစ် NUG က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါကြောင့် NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အနေနဲ့ ဥပဒေအရအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေ နဲ့ ပြည်သူတွေကလည်း ပူးပေါင်း ဆောင်ရွက်ကြဖို့ NUG က တိုက်တွန်းထားပါတယ်။