စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေကို ကတူးရဟန်းတော်များအဖွဲ့မှ နိုဝင်ဘာ ၂၄ ရက်နေ့က စောင်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ကတူးရဟန်းတော်များအဖွဲ့က “နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဒယူးအင်ကြင်းကုန်းစစ်ရှောင်စခန်းတွေထံ အအေးဒဏ်ဖယ်ရှား စောင်အထည်တွေ ဆက်လက်လှူဒါန်းခဲ့ပါတယ်။ အိမ်ထောင်စုနည်းရင် တစ်ထည် အိမ်ထောင်စုများရင် နှစ်ထည်ပေးဝေပါတယ်။ သက်ကြီးရွယ်အို အဖိုးအဖွားခြောက်ယောက်ကို စောင်တစ်ထည်စီ ဝေပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ဗန်းမောက်မြို့သိမ်းတိုက်ပွဲဟုဆိုကာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းဖြစ်ကြတဲ့ PDF၊ KaDu Army တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
ဒါကြောင့် ဗန်းမောက်မြို့ပေါ်နေ ဒေသခံအများစုအပါအဝင် မြို့နယ်ရှိ ဒေသခံအများစုဟာ မြို့ရဲ့အနောက်ခြမ်း၊ တောင်ဘက်ခြမ်းစသဖြင့် နီးစပ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း တိုက်ပွဲတွေကြောင့် မြို့အနောက်ခြမ်းမှာ ရောက်ရှိလာကြတဲ့ အလယ်ရွာ၊ ကံရွာ၊ လက်ပံကျင်း နမ့်မွန်းခေါင် နဲ့ ဗန်းမောက်မြို့ပေါ်အချို့မှ အိမ်ထောင်စု ၄၇ အိမ်ထောင်စု၊ လူဦးရေ ၁၈၀ ကျော်တို့ကို တစ်ဦးလျှင် ငွေကျပ်လေးသောင်းခွဲ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေအတွက် ကဒူးလူငယ်များအဖွဲ့ချုပ် သိန်း ၃၀ ကျပ်၊ ရှမ်းနီနွယ်ဘွားလူငယ်များ အဖွဲ့ချုပ် ၁၅ သိန်း၊ ရှမ်းနီလူမူရေးအသင်း (မန္တလေးမြို့) မှ ၁၀ သိန်းငါးထောင်ကျပ် နဲ့ ကြာကြီးကွင်းပြည်သူ့စစ်မှ (ကချင်ပြည်နယ်) သိန်း ၅၀ ကျပ် ထောက်ပံ့ကူညီပေးခဲ့ပြီး စစ်ရှောင်ကော်မတီမှ သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း စစ်ဘေးရှောင်ကာလ ကြာရှည်လာတာနဲ့အမျှ အခြေခံစားသောက်ကုန်၊ ဆေးဝါးလိုအပ်ချက်တွေ ရှိနေတဲ့အပြင် ဆောင်းရာသီမှာ အလွန်အေးတဲ့ ဒေသဖြစ်တာကြောင့် စောင်၊ အနွေးထည်တွေလည်း လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။


