Home နိုင်ငံရေး ကတူးစစ်ရှောင်တွေ စပါးရိတ်ခွင့်ရဖို့ တောင်းဆိုမှု KIA/PDF တို့ လက်မခံ

ကတူးစစ်ရှောင်တွေ စပါးရိတ်ခွင့်ရဖို့ တောင်းဆိုမှု KIA/PDF တို့ လက်မခံ

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ် တောင်ပိုင်းမှာ စစ်ရှောင်နေတဲ့ ကတူးလူမျိုးတွေ အနေဖြင့် နေရပ်ပြန်ဖို့ နဲ့ စပါးရိတ်သိမ်းခွင့်ရရှိဖို့ တောင်းဆိုချက်ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ PDF၊ KaDu Army တို့က လက်မခံဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ဗန်းမောက်မြို့သိမ်းတိုက်ပွဲဟုဆိုကာ KIA နဲ့ ၎င်းတို့ လက်အောက်ခံအဖွဲ့အစည်းဖြစ်ကြတဲ့ PDF၊ KaDu Army တို့ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက် ဗန်းမောက်မြို့ပေါ်နေ ဒေသခံအများစုအပါအဝင် မြို့နယ်ရှိ ဒေသခံအများစု နီးစပ်ရာသို့ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ဟာ စပါးရိတ်သိမ်းရာသီဖြစ်တာကြောင့် ဗန်းမောက်တောင်ပိုင်းသို့ ရောက်ရှိနေတဲ့ ကတူးစစ်ဘေးရှောင်တွေ နေရပ်ပြန်ဖို့ နဲ့ စပါးရိတ်သိမ်းနိုင်ဖို့ KIA၊ PDF၊ KaDu Army တို့ထံ ကတူးအရပ်ဖက်အဖွဲ့အစည်းတွေက ခွင့်ပြုချက်တောင်းခံမှုကို လက်မခံခဲ့ဘူးလို့ သိရပါတယ်။

တဖက်မှာလည်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထိန်းချုပ်ရာ ဗန်း‌မောက်မြို့ အနောက်ခြမ်းသို့ ရောက်ရှိနေကြတဲ့ ကတူးစစ်ရှောင်တွေဟာ SNA ရဲ့ လုံခြုံရေးပေးမှုနဲ့အတူ အလှည့်ကျစနစ်ဖြင့် စပါးရိတ်သိမ်း၍ ပြီးစီးပြီဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း ဗန်းမောက်မြို့အနီးမှာ SNA နဲ့ KIA၊ PDF၊ KaDu Army တို့အကြား နှစ်ဖက်စစ်ရေးတွေ ဆက်လက်ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

ရှမ်းနီအမျိုးသားမျာတပ်မတော် (SNA) က ကူညီစောင့်ရှောက်ထားတဲ့ စစ်ရှောင်တွေအနေဖြင့် အိမ်ထောင်စု ၆၈၅ အိမ် လူဦးရေ ၄၉၁၆ ဦးရှိကြောင်း သိရပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး၊ စောင်၊ ခြင်ထောင်၊ အနွေးအထည် စတာတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

related posts

Leave a Comment