စစ်အုပ်စုက ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်း ပြုလုပ်ပါက မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၀ ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီဟာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက် ရက်စွဲနဲ့ “စစ်အုပ်စုပြုလုပ်ကျင်းပမယ့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲအပေါ် မွန်ပြည်ဖက်ဒရယ် ကောင်စီ၏ မူဝါဒ ရပ်တည်ချက်စာတမ်း” ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းပြောပါတယ်။
အဆိုပါမူဝါဒ ရပ်တည်ချက်စာတမ်းမှာ မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် စစ်တပ် နဲ့ စစ်ကောင်စီ (စစ်ကော်မရှင်) ကို “အကြမ်းဖက်စစ်အုပ်စု” ဟု မှတ်ယူမှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ၎င်းတို့ပြုလုပ်မယ့် ရွေးကောက်ပွဲဟာလည်း “ဖက်ဆစ် လူရွေးပွဲ” ဟု အမည်မှာဖြစ်ကြောင်း ပြောပါတယ်။
အဲဒီ ရွေးကောက်ပွဲဟာ အတုအယောင်ရွေးကောက်ပွဲသာ ဖြစ်ပြီး နောက်ထပ်နှစ်ပေါင်းများစွာ မိမိတို့နိုင်ငံကို စစ်ကျွန်ပြုဖို့၊ လက်နက်ကိုင်လူသတ်လိုင်စင်ရယူဖို့၊ စစ်အာဏာရှင်စနစ်တည်မြဲဖို့ ရည်ရွယ်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲသာဖြစ်တယ်လို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် စစ်ကောင်စီမှ ပြုလုပ်မယ့် ရွေးကောက်ပွဲကို (ရွေးကောက်ပွဲ အကြို၊ ရွေးကောက်ပွဲ ကျင်းပစဉ် နှင့် ရွေးကောက်ပွဲအလွန်) ကာလသုံးပါးစလုံးမှာ ဆန့်ကျင်သွားမှာဖြစ်ကြောင်း အတိအလင်း ဖော်ပြခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဒါကြောင့် အများပြည်သူတို့အနေဖြင့် စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခြင်း၊ မိမိအတွက်ဖြစ်စေ၊ အစုအဖွဲ့တစ်ခုခုအတွက်ဖြစ်စေ၊ ပုဂ္ဂိုလ် တစ်ဦးဦးအတွက်ဖြစ်စေ မဲဆွယ်စည်းရုံးမှုပြုခြင်း၊ မဲဆွယ်စည်းရုံးမှုပြုသည်ကို ကူညီပံ့ပိုးခြင်းတို့ကို ပြုလုပ်ပါက န်ပြည်ဖက်ဒရယ်ကောင်စီရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဆိုပါ ရွေးကောက်ပွဲ အထမြောက်စေဖို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ပါဝင် ပတ်သက်မှုပြုခြင်း၊ ပံ့ပိုးကူညီမှုပြုခြင်း၊ အားပေးခြင်းများ မပြုလုပ်ဖို့ နဲ့ ထိုသို့ပြုလုပ်ပါကလည်း အရေးယူဆောင်ရွက်သွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက သတိပေး ထုတ်ပြန်ပါတယ်။
စစ်အုပ်စု ဦးဆောင်၍ အပိုင်း (၁) ရွေးကောက်ပွဲကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း(၂)ကို ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ ကျင်းပမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုပါ ရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၅၇ ပါတီ၊ တစ်သီးပုဂ္ဂလ ၉၅ ဦး စုစုပေါင်း ကိုယ်စားလှယ်လောင်း ၅၀၀၀ ဝန်းကျင် ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး လက်ရှိမှာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့ သိရပါတယ်။