Home နိုင်ငံရေး ၁၉၄၇ နိုင်ငံရေးအခင်းအကျင်းအရ ရှမ်းနီလူမျိုးတွေ နှစ်ခြမ်းကွဲသလို ဖြစ်ခဲ့ရတယ်

၁၉၄၇ နိုင်ငံရေးအခင်းအကျင်းအရ ရှမ်းနီလူမျိုးတွေ နှစ်ခြမ်းကွဲသလို ဖြစ်ခဲ့ရတယ်

by Homeland Author

မကြာခင်မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ ရှမ်းနီလူမျိုးကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်ကို Homeland News Agency က ဆက်သွယ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေအနေ၊ ရှမ်းနီဒေသတွင်း ပြည်သူလူထုတို့ရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု၊ ဒေသတွင်း လုံခြုံရေးအခြေအနေတွေကို မေးမြန်းထားပါတယ်။

မေး။ ဆရာတို့ ပါတီအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရတယ်။ အဓိကအားဖြင့် ဘယ်မြို့နယ်တွေမှာ ဝင်ပြိုင်သွားဖို့ ရှိလဲ။

ဖြေ။ ကျနော်တို့ပါတီအနေနဲ့ကတော့ ကချင်ပြည်နယ်မှာပဲ ဝင်ပြိုင်မှာပါဗျ။ ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ ဗန်းမော်ခရိုင်၊ မြစ်ကြီးနား၊ ဝိုင်းမော် အားလုံး ၉ မြို့နယ်ပေါ့ အဲဒီမှာ ဝင်ပြိုင်မှာ။ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ၃၂ ယောက် တင်သွင်းထားပါတယ်။

မေး။ လက်ရှိ ဆရာတို့ ဝင်ပြိုင်မယ့် မြို့နယ်တွေမှာ ဘယ်လို အခက်အခဲတွေ ကြုံရတာမျိုး ရှိသလဲ။

ဖြေ။ မြို့အခြေအနေကတော့ ကျနော် ဘယ်ကနေ စပြောရမလဲဆို အားလုံးက အခြေအနေဆိုးနေတော့ ဗန်းမော်ခရိုင်ကတော့ အခု ရွေးကောက်ပွဲကျင်းပမယ့် နယ်မြေထဲမှာတော့ မပါဘူးပေါ့။ စစ်ပွဲတွေလည်း ဆက်ဖြစ်နေလျက် ရှိနေတယ်လေ။ ဗန်းမော်ခရိုင်မှာတော့ ၄ မြို့နယ် ဗန်းမော်၊ မိုးမောက်၊ မံစီ၊ ရွှေကူပေါ့။ နောက် မြစ်ကြီးနားမြို့နယ်ဆိုရင်လည်း မြို့ပေါ်လောက်ပဲ ရွေးကောက်ပွဲ ကျင်းပနိုင်မယ့်အနေအထားပါ။ ဆင်ဘို၊ တာလောကြီး ကျနော်တို့ လူမျိုးတွေ အများဆုံး နေထိုင်တဲ့နေရာမှာတော့ ဒီနေ့အချိန်ကတော့ ရွေးကောက်ပွဲကျင်းပရဖို့တော့ မသေချာဘူး။ နောက် ဝိုင်းမော်ဆိုရင်လည်း ထိုနည်းလည်းကောင်း။ ဝိုင်းမော်မှာတော့ ကျနော်တို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ပဲ ကျန်ပါတယ်။ ဝိုင်းမော်ဆိုရင်လည်း မြို့ပေါ်လောက်ပဲ မြို့နဲ့ မြို့ပတ်ဝန်းကျင်ရွာလောက်ပဲပေါ့လေ။ အခုအပိုင်းမှာတော့ ဝိုင်းမော်လည်း မပါသေးဘူး။ အခု အပိုင်း ၁ ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ကျနော်တို့ ပြိုင်မယ့်အထဲမှာ မိုးညှင်းနဲ့ မြစ်ကြီးနား ၂ ခုပါတာပေါ့။

မိုးညှင်းနဲ့ မြစ်ကြီးနား ၂ ခုပါတယ်ဆိုတာက မြစ်ကြီးနားက ခုနက ကျနော်ပြောသလိုပါပဲ။ ဆင်ဘိုနဲ့ တာလောကြီးဘက်ကတော့ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကတော့ လောလောဆယ် မမြင်ဘူး။ နောက်ပြီးတော့ မိုးညှင်းမှာဆိုရင်လည်း ကျနော်တို့လူမျိုးတွေ အများဆုံးနေထိုင်တဲ့ ဒေသဖြစ်တဲ့ အင်းတော်ကြီး အနောက်ကမ်း၊ အရှေ့ကမ်းပေါ့နော် အဲဒီကမ်းနီးဒေသတွေကတော့ ရွေးကောက်ပွဲ ကျင်းပဖို့တော့ သိပ်မမျှော်လင့်ဘူးဗျ။ အခုချိန်ထိတော့ KIA ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်။ နယ်မြေအခြေအနေတွေအားဖြင့်တော့ ကျနော်တို့ စည်းရုံးရေး ဆင်းနေကြပါတယ်။ တခြားပါတီတွေလည်း လှုပ်ရှားနေကြတယ်။ ရတဲ့နေရာတွေတော့ စည်းရုံးရေး ဆင်းနေကြတယ်။ အခုလောလောဆယ်တော့ ဘာအသံမှကို မကြားသေးဘူး။

မေး။ လက်ရှိ ကိုယ်စားလှယ်လောင်းတွေရဲ့ လုံခြုံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးတွေ ရှိနေသလဲ။ ဆရာတို့ ပါတီဝင်ပြိုင်မယ့် မြို့နယ်တွေမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း လှုပ်ရှားတာမျိုး ရှိနေတော့ လုံခြုံရေးအပိုင်းမှာ ဘယ်လို စိုးရိမ်မှုတွေ ရှိနေလဲ။

ဖြေ။ လုံခြုံရေးပိုင်းကတော့ တပ်ချုပ်ကလည်း ပြောထားတာရှိတယ် သူတာဝန်ယူတယ်။ တစ်ဖက်မှာလည်း ရွေးကောက်ပွဲကို နှောက်ယှက်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေလည်း ထွက်ထားတော့ ဒါလေးတွေလည်း ဥပဒေပိုင်းက ကာကွယ်တာက တစ်ကြောင်း။ အဲဒါက ဥပဒေပိုင်းက ကာကွယ်တာ။ တစ်ဖက်မှာလည်း ကျနော်တို့ဘက်ကတော့ ဂရုစိုက်ရမှာပါ။ ကိုယ့်လုံခြုံရေးကို ပိုပြီးတော့မှ ဂရုစိုက်ရမှာပါ။ ဒါယနေ့အချိန်မှာ နိုင်ငံအပြောင်းအလဲဘက်ကို စိန်ခေါ်မှု ကြီးကြီးကို ခံစားနေရတယ်လို့ ကျနော့်အနေနဲ့ကတော့ သုံးသပ်ထားတယ်။

ဒါကြောင့်မို့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကိုလည်း အသက်ဉာဏ်စောင့်ဆိုတဲ့အတိုင်းပဲ သတိဝိရိယနဲ့ လုပ်ပြီးမှ စည်းရုံးရေး ဆင်းကြဖို့ကိုတော့ မှာကြားထားပါတယ်။ ကျနော်ကိုယ်တိုင်ကလည်း ပြောစရာရှိတဲ့ စကားတွေကိုလည်း ပြောထိုက်တာကိုတော့ ကျနော်တို့ ပြောရမှာ ဖြစ်ပါတယ်။ အဓိက ပြည်သူတွေရဲ့ မျက်နှာတွေကို ကြည့်ပြီးတော့ အလုပ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။ လူထု့အကျိုးအတွက် ဖွံ့ဖြိုးဖို့ဆိုရင်တော့ လူထုလည်း လက်ခံမှာပါ။ အဲဒါတော့ ကျနော်တို့ ပြောဆိုစည်းရုံးတဲ့အခါကျရင် ဒါကိုယ့်ရဲ့ ပါတီမူဝါဒ လမ်းစဥ်လေးတွေ ချပြရင်း စည်းရုံးကြဖို့ ကျနော် အဓိက တိုက်တွန်းထားပါတယ်။ အဓိကတော့ ခြိမ်းခြောက်မှုတွေ ဘာတွေက ဟိုတုန်းက ရှိခဲ့တယ်။ အခုလည်း ဆက်ရှိနေဆဲပါ။

မေး။ နယ်မြေအချို့မှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတယ်၊ အရင်အခြေအနေနဲ့ မတူတဲ့ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးမှုနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ လုပ်ဆောင်နေသလဲ။

ဖြေ။ လူထုကတော့ အခုလောလောဆယ် တော်တော်လေးလည်း နာသွားပြီ။ နောက်တစ်ချက်က ပြောတာကတော့ ကိုယ်စားလှယ်လောင်းတွေ ပြိုင်တဲ့အခါကျရင် လူထုသိနိုင်မှု နည်းတယ်ဆိုတာတော့ ဒါတော့ အခုကတော့ လုပ်ပုံကိုင်ပုံ ကွာသွားတာပဲ ရှိပါတယ်။ ဟိုတုန်းကဆိုရင်တော့ ကျနော်တို့ ဗီနိုင်းတွေဘာတွေ ကပ်တာတို့ ဘာတို့ ရှိတာပေါ့နော်။ ယနေ့အချိန်ကတော့ ဗီနိုင်းကပ်ဖို့ကတော့ အခွင့်အလမ်းတော့ မပေးဘူး။ နောက် စီတန်းလှည့်လည်ခွင့်တွေ အခွင့်အလမ်း မရှိဘူး။ ရှိပေမယ့်လည်း ဆိုရှယ်မီဒီယာကို အသုံးပြုခြင်းအားဖြင့် လူထုကတော့ ဘယ်နေရာမှာ ဘယ်သူပြိုင်မယ် ယနေ့အချိန်ကစပြီးမှ တော်တော်လေး စိတ်ဝင်စားနေတာကို တွေ့ရတယ်။ ဒါ အခု ကျနော်တို့ Facebook သုံးတယ်၊ Tiktok သုံးတယ်၊ YouTube ကတော့ တော်တော်အသုံးနည်းတယ်။ Telegram ချန်နယ်ကနေ ကျနော်တို့ ပို့တယ်။ အဲဒီလိုမျိုးတွေ လုပ်ကြည့်တဲ့အခါကျတော့ လူထုရဲ့ ကြည့်ရှုမှုနဲ့ စိတ်ဝင်စားမှုနှုန်းက ပိုပြီးတော့မှ မြင့်တက်နေပါတယ်။ ခါတိုင်း ကျနော်တို့ သာမန်လိုမျိုး ဗီနိုင်းကပ်တာတို့ လက်ကမ်းစာစောင် ဝေတာတို့ထက် မကပါဘူး။ ဒီနေ့လယ်မှ ဘယ်သူက ဘယ်နေရာမှာ ပြိုင်တာဆိုတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်တာ။ ဒီနေ့တော့ တော်တော်များများ သိနေကြပြီ ဖြစ်ပါတယ်။

ဘယ်သူကတော့ လွှတ်တော်ကိုယ်စားလှယ်ပေါ့နော်။ အွန်လိုင်းပေါ်ကနေ လုပ်တဲ့ ကိစ္စတွေက တော်တော်လေးကို ထိရောက်ပါတယ်ဗျ။ ဒါကတော့ ပထမဦးဆုံးအနေနဲ့ ပြောချင်တာပေါ့။ နောက် ဘယ်သူနိုင်မယ်ဆိုတာလည်း ကျနော်တို့ကတော့ ပြောလို့မရပါဘူး။ ပြည်သူ့အကျိုးကို ဘာတွေဆောင်ရွက်မလဲဆိုတာ ပြည်သူကို ပြောပြတယ်။ ကျနော်တို့ လုပ်နိုင်တဲ့ကာလ အတိုင်းအတာအထိပေါ့။ ဒါကြောင့်မို့ ကျနော်တို့ပါတီအနေနဲ့ကတော့ လူထုကထည့်ရင်တော့ ကျနော်တို့နိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်က ခြိမ်းခြောက်မှုတွေ ရှိကောင်းရှိနေပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့အားကတော့ နိုင်ငံရေးပါတီက ပြည်သူလူထုပါ။ ကျနော်တို့ရဲ့အားက လက်နက်မဟုတ်ပါဘူး။ ပြည်သူ့အားဖြစ်တဲ့အခါကျတော့ ပြည်သူတွေ ဝန်းရံနေသ၍ ထောက်ခံနေသ၍ ဆက်လက်ရှင်သန်အောင် လုပ်သွားရမှာလို့ ပြောလိုပါတယ်။

မေး။ ဆရာတို့ ဝင်ပြိုင်မယ့်မြို့နယ်တွေမှာ ဒေသခံရှမ်းနီပြည်သူလူထုတွေရဲ့ မဲပေးမှု အခြေအနေကရော ဘယ်လိုရှိနိုင်သလဲ။

ဖြေ။ အခုက ရွေးကောက်ပွဲစနစ်ကလည်း အရောအထွေးလုပ်ထားတဲ့ အခါကျတော့လေ FPTP မှာ ရှုံးရင်တောင်မှ PR မှာ အနိုင်ပြန်ရနိုင်သေးတယ်။ ပထမအကြိမ်မှာ ပြိုင်တဲ့ကဏ္ဍမှာ ကျနော်တို့လူမျိုးတွေ အများဆုံးနေထိုင်တဲ့ဒေသက ၂ မြို့နယ်ပါတယ်၊ မြစ်ကြီးနား နဲ့ မိုးညှင်း။ ကျနော်တို့ ပူတာအိုဘက်ကတော့ ကျနော်တို့လူမျိုးလေးတွေ မရှိဘူးပေါ့ဗျာ။ ပူတာအိုလွင်ပြင်မှာတော့ ရှိပါတယ်။ အဲဒီအခါကျတော့ ကျနော်တို့ သွားမပြိုင်ဘူး။ ကျနော်တို့ပြိုင်မယ့်ဘက်က ရှိတဲ့အခါကျတော့ ကျနော်တို့လူမျိုးတွေအနေနဲ့လည်း အမျိုးသားစိတ်ဓာတ် ထက်သန်စွာနဲ့ ကျနော်တို့ပါတီကို မဲထည့်မယ်လို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်။

မေး။ နိုင်ငံတည်ငြိမ်ရေးအပေါ် ဒီရွေးကောက်ပွဲက ဘယ်လောက်အထိ အထောက်အကူ ပြုနိုင်မလဲ။

ဖြေ။ နိုင်ငံတည်ငြိမ်ရေးအတွက် ရွေးကောက်ပွဲကတော့ လမ်းစဖော်ပေးတယ်လို့ပဲ ပြောချင်ပါတယ်။ အထောက်အကူအနေနဲ့တော့ မဟုတ်ဘူး။ လမ်းစဖော်ပေးတာပေါ့။ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကတော့ သူ့လုပ်ဆောင်ချက်အပေါ်မှာ မူတည်ပြီးတော့မှ နိုင်ငံတည်ငြိမ်ရေးက အနှေးနဲ့အမြန်တော့ တည်ငြိမ်ပြီးမှ ဖွံ့ဖြိုးသွားနိုင်ပါတယ်။ ဒါပေမယ့် တက်လာတဲ့အစိုးရက ပျော့ပြောင်းညှင်သာစွာ ပြတ်ပြတ်သားသား လုပ်နိုင်ဖို့ပဲ လိုအပ်ပါတယ်။ ဒီလိုဆိုရင်တော့ နိုင်ငံဟာ လျင်လျင်မြန်မြန်နဲ့ အေးချမ်းတည်ငြိမ်စွာနဲ့ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။

မေး။ နောက်ပြီးတော့ ရွေးကောက်ပွဲမတိုင်ခင် တော်လှန်ရေးအင်အားစုတွေက ကြီးမားတဲ့ စစ်ဆင်ရေးတွေ လုပ်ဆောင်လာနိုင်သလား။

ဖြေ။ ဟိုတုန်းကလိုမျိုး ၁၀၂၇ လိုမျိုးတွေကတော့ မဖြစ်နိုင်တော့ပါဘူး အခြေအနေကတော့။ ဒါပေမယ့်လည်း ရွေးကောက်ပွဲကို ဖျက်လိုဖျက်စီးအနေနဲ့ ဗုံးချတာတို့၊ ခြိမ်းခြောက်တာတို့ ဒါမျိုးတွေတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့လက ဟိုပင်မှာ ဖြစ်သွားတာလေးကတော့ တော်တော်လေးကို ဆိုးပါတယ်။ ပြည်သူလူထုက မဲစာရင်း သွားကြည့်ကြတယ်။ PDF တွေက ၂ ကြိမ် ဖြတ်လျှောက်တဲ့အခါကျတော့ ပြည်သူက မဲစာရင်း သွားမကြည့်ရဲတဲ့အဆင့်ကို ရောက်သွားရော။ အဲဒါကျတော့ အဲဒီလိုမျိုးလေးတွေက သူတို့လုပ်လာနိုင်တဲ့ အကြောင်းအရင်းတွေပေါ့လေ။ မဲထည့်တဲ့အချိန်ကျရင်လည်း အရပ်သားလိုဟန်ဆောင်ပြီးမှ မဲရုံရှေ့မှာ သွားတာတို့၊ ဖြတ်ကြည့်တာတို့ အဲဒီလိုမျိုးလေးတွေကတော့ ပြောမရဘူးပေါ့လေ။ ဒါပေမယ့်လည်း လုံခြုံရေးကိုတော့ စနစ်တကျနဲ့ ဆောင်ရွက်ဖို့တော့ လိုအပ်ပါတယ်။ တင်းတင်းကြပ်ကြပ် မဆောင်ရွက်ရင်တော့ ပြည်သူလူထု မဲလာထည့်မှာ မဟုတ်ဘူး။ တင်းတင်းကြပ်ကြပ် ဆောင်ရွက်ဖို့တော့ လိုအပ်ပါတယ်။ ဆောင်ရွက်တဲ့နေရာမှာလည်း ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ လုပ်ရင်တော့ ပိုပြီးမှ ကောင်းမယ်လို့ ထင်တယ်ဗျ။

မေး။ ဆရာအနေနဲ့ ဘာမျှဖြည့်စွက်ပြောကြားလိုသေးလဲ။ နောက်ပြီးတော့ တိုင်းလိုင် (ရှမ်းနီ) တွေကို ဆရာပြောချင်တာမျိုး ရှိရင်လည်း ဖြည့်စွက်​ပြောပေးပါလား။

ဖြေ။ ဖြည့်စွက်ပြောချင်တာကတော့ ကျနော်တို့နိုင်ငံရေးအပြောင်းအလဲကတော့ တော်တော်တန်တန်နဲ့ မဖြစ်လာဘူး။ ဒီတစ်ကြိမ်ကတော့ နိုင််ငံရေးပါတီတွေရော၊ EAO တွေရော ၂၁ ရာစုပင်လုံမှာ သဘောတူထားတဲ့ အချက်တစ်ချက် ရှိတယ်။ ပြည်ထောင်စုမြန်မာနိုင်ငံကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုမြန်မာနိုင်ငံတော်အဖြစ် တည်ဆောက်မယ်လို့ သဘောတူထားတဲ့အခါကျတော့ အားလုံး တက်ညီလက်ညီ သွားကြတော့ ဒီနေ့ နိုင်ငံရေးအခင်းအကျင်းက ၁၉၄၇ ခုနှစ် အခင်းအကျင်းနဲ့ သွားတူနေပါတယ်ဗျ။

အဲဒီအခါကျတော့ ၁၉၄၇ နိုင်ငံရေးအခင်းအကျင်းမှာ ကျနော်တို့လူမျိုးတွေ ကိုယ့်လူမျိုးအတွက်ကို အလုပ် မလုပ်ပေးနိုင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ နစ်နာဆုံးရှုံးမှုတွေ ရှိခဲ့တာပေါ့။ နစ်နာဆုံးရှုံးမှုဆိုတာက ဗန်းမော်ခရိုင်နဲ့ မြစ်ကြီးနားခရိုင်ကို ကချင်ပြည်နယ် သတ်မှတ်ခံလိုက်ရတယ်။ တစ်ဖက်မှာဆိုရင်တော့ အခု ဟုမ္မလင်းတို့၊ ခန္တီးတို့၊ ဗန်းမောက်တို့ အဲဒီကမြို့တွေကျတော့လည်း စစ်ကိုင်းတိုင်းထဲ ပါသွားတယ်။ အဲဒီအခါကျတော့ ကျနော်တို့လူမျိုးတွေက နှစ်ခြမ်းကွဲသွားသလို ဖြစ်သွားတာပေါ့နော်၊ လူမျိုးရေးကလည်း ဒုတိယတန်းစား လူတန်းစားအဆင့်မှာပဲ ပျောက်သွားတယ်။ အုပ်ချုပ်ခံလူတန်းစားပေါ့။ ကချင်ပြည်နယ်မှာဆိုရင် ကချင်နဲ့ အုပ်ချုပ်ရမယ်အခါကျတော့ ကချင်က သူ့ရဲ့အိမ်၊ သူ့ရဲ့မောင်ပိုင်စီးမှုတွေ ဖြစ်သွားတယ်၊ ဘဝမျိုးတွေ မကြုံရအောင် ယနေ့ နိုင်ငံရေးအပြောင်းအလဲတစ်ခုမှာ ရှမ်းနီလူမျိုးတွေအနေနဲ့ အခု ပါတီလည်း ရှိနေပြီဆိုတော့ ရှမ်းနီပါတီကို မဲထည့်ပေးကြဖို့တော့ ကျနော့် အနေနဲ့ ပြောကြားလိုပါတယ်။

related posts

Leave a Comment