Home နိုင်ငံရေး ဗန်းမောက်မြို့ခံ ၁ ထောင်ကျော် SNA ထိန်းချုပ်တဲ့ အနောက်ခြမ်းသို့ တိမ်းရှောင်

ဗန်းမောက်မြို့ခံ ၁ ထောင်ကျော် SNA ထိန်းချုပ်တဲ့ အနောက်ခြမ်းသို့ တိမ်းရှောင်

by Homeland Author

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့မှ မြို့ခံ ၁ ထောင်ကျော်ဟာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) မှ ထိန်းချုပ်ထားတဲ့ မြို့ရဲ့ အနောက်ခြမ်းဘက်ကို တိုက်ပွဲရှောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က စတင်၍ ကချင်တပ်ဖွဲ့ (KIA) နဲ့ လက်အောက်ခံတပ်ဖွဲ့တွေဟာ SNA ထိိန်းချုပ်ထားတဲ့ ဗန်းမောက်မြို့ကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကာ လက်ရှိမှာ SNA က ယာယီနောက်ဆုတ်ထားတယ်လို့ သိရပါတယ်။

ကချင်တပ်ဖွဲ့ (KIA) နဲ့ နောက်လိုက်အဖွဲ့တွေက အင်အား ၁ ထောင်ကျော် အသုံးပြု၍ ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် အင်အားမမျှတ၍ နောက်ဆုတ်လိုက်ရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“SNA က မြို့ပတ်ပတ်လည်မှာ ထိုင်ထားတာ အင်အား ၁၈၀ လောက်ပဲ၊ ဟိုဖက်က (KIA နဲ့ နောက်လိုက်အဖွဲ့) တွေက အင်အား ၁ ထောင်ကျော်တယ်၊ အဲဒါကြောင့် SNA က နောက်ဆုတ်လိုက်တာ” လို့ ပြောပါတယ်။

ဗန်းမောက်မြို့ခံလူထုတွေအားလုံးနီးပါးဟာ SNA ကို ထောက်ခံအားပေးကြတဲ့ သူတွေဖြစ်တာကြောင့် SNA ပြန်လည်ဆုတ်ခွာချိန် အားလုံးနီးပါး လိုက်လာကြတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“မြို့ခံလူထုအားလုံးက SNA ဖက်ပါတယ်။ အများစုကလည်း ရှမ်းနီတွေဆိုတော့ SNA ဆုတ်ရင် အားလုံးဆုတ်မယ်၊ SNA မဆုတ်သရွေ့ နေမယ်ဆိုပြီး ပြောကြတယ်။ ခု SNA ဆုတ်တော့ သူတို့လည်း အားလုံးနီးပါး လိုက်ပါလာကြတယ်” လို့ ပြောပါတယ်။

လက်ရှိမှာ KIA နဲ့ နောက်လိုက်အဖွဲ့တွေက မြို့ပေါ်ကို သိမ်းပိုက်ထားပေမယ့် မြို့နဲ့မိုင်အနည်းငယ်အကွာမှာ SNA တပ်တွေက ဆက်လက်တည်ရှိနေတာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် မြို့ခံအများစုဟာ SNA ထိန်းချုပ်ထားတဲ့ မြို့ရဲ့အနောက်ခြမ်းဖက်ကို သွားရောက်၍ တိုက်ပွဲရှောင်နေကြတာလို့ ဒေသခံတွေက ပြောပါတယ်။

related posts

Leave a Comment