Home နိုင်ငံရေး ARSA၊ RSO တွေက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေဟု AA ပြော

ARSA၊ RSO တွေက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေဟု AA ပြော

by Homeland Author

ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် မောင်တောခရိုင်ရဲ့ တချို့နေရာတွေမှာ ARSA ၊ RSO လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေဟာ မွတ်ဆလင်မဟုတ်တဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်လျက် ရှိနေတယ်လို့ အရက္ခတပ်တော် (AA) က ဆိုပါတယ်။

ဒါကြောင့် နယ်စပ်နေ ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာနေထိုင်ကြဖို့ လုံခြုံရေး သတိပေးချက်တစ်ရပ်ကို AA က မနေ့က စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

AA ရဲ့ ဒုတပ်ရင်းမှူးအဆင့်ရှိသူ တစ်ဦးကို တိုက်ပွဲအတွင်းကနေပြီးတော့ အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ARSA အဖွဲ့က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ရုပ်သံ နဲ့ တကွသတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှာ ခြေကုပ်ရယူထားပြီး နတ်မြစ်နဲ့ မယူတောင် လမ်းကြောင်းတွေကနေတစ်ဆင့် အာရက္ခဒေသရဲ့ မောင်တောခရိုင်အတွင်းကို စိမ့်ဝင်ရောက်လျက်ရှိနေတဲ့ အကြမ်းဖက်တွေကို ကာကွယ်တိုက်ဖျက်ဖို့ အာရက္ခတပ်တော်က နယ်စပ်မှာ လုံခြုံရေးကို အထူးတိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ​ပြောထားပါတယ်။

မောင်တောခရိုင်အတွင်းကို နယ်စပ်မှတစ်ဆင့် ခိုးဝင်ရောက်ရှိလာကြတဲ့ အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေဟာ လူသူကင်းဝေးတဲ့ တောတောင်တွေ၊ လူပြတ်တဲ့နေရာတွေမှာ ဟင်းရှာ၊ ထင်းခုတ်၊ ဈေးဝယ် သွားလာနေကြတဲ့ ဒေသခံပြည်သူလူထုတွေထဲမှ မွတ်ဆလင်မဟုတ်တဲ့သူတွေကို ချောင်းမြောင်းပစ်ခတ်တာ၊ ပြန်ပေးဆွဲတာနဲ့ သတ်ဖြတ်တာတွေကို အခုရက်တွေမှာ ဆက်တိုက် လုပ်ဆောင်လျက် ရှိနေတယ်လို့ AA က ပြောပါတယ်။

ဒါ့အပြင် အဆိုပါ အဖွဲ့တွေဟာ AA နဲ့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေသယောင် တိုက်ပွဲအတုတွေကို ဖန်တီးကာ သူတို့ကို ပိုမိုထောက်ခံလာစေဖို့ ဝါဒဖြန့် လှုံ့ဆော်လျက်ရှိနေတယ်လို့ ဆိုပါတယ်။

တောတောင်ထဲ၊ လူသွားလူလာပြတ်သည့်နေရာတွေမှာ တွေ့တဲ့ မွတ်ဆလင်မဟုတ်တဲ့ အာရက္ခဒေသခံပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး AA ယူနီဖောင်းကို လဲလှယ်ကာ တိုက်ပွဲအတွင်း AA ရဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိတဲ့ ပုံစံမျိုးအဖြစ် လုပ်ကြံဖန်တီးပြီး ဆိုရှယ်မီဒီယာစာမျက်နှာတွေထက်မှာ ပုံမှားရိုက်လှည့်စားပြီး သူတို့အပေါ် ထောက်ခံတဲ့ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တွေထံက အားပေးမှု၊ ထောက်ပံ့မှုတွေကို ပိုမိုရရှိဖို့ ကြိုးစားလျက် ရှိနေတာတွေကိုလည်း တွေ့ရှိနေရတယ်လို့ AA က ဖော်ပြထားပါတယ်။

ARSA၊ RSO အဖွဲ့တွေဟာ ရခိုင်ပြည်နယ် နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ အပြစ်မဲ့ ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို ခြိမ်းခြောက်နေတာကြောင့် လုံခြုံရေးအရ သတိထားရမယ့် အချိန်ကာလလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နယ်စပ်ဒေသတွင်နေထိုင်ကြတဲ့ ပြည်သူများ အနေနဲ့ တောတောင်ထဲမှာ ဖြစ်စေ၊ လူပြတ်သောနေရာတွေမှာ ဖြစ်စေ တစ်ဦးတည်း (သို့) လူအနည်းစုနဲ့ သွားလာနေကြတာတွေကို အတတ်နိုင်ဆုံး မပြုလုပ်ကြပါဖို့၊ ကျန်းမာရေးကိစ္စ၊ မသွားမဖြစ် သွားလာရမယ့် အရေးကြီးကိစ္စတွေဆိုရင် အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရှိတဲ့ အနီးစပ်ဆုံးနေရာတွေကို သတင်းပေးပို့ပြီးမှ သွားလာကြပါဖို့ လုံခြုံရေး သတိပေးထားပါတယ်။

နယ်စပ်တစ်လျှောက် စိမ့်ဝင်ကာ ပြည်သူတွေ ကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အစ္စလာမ်မစ် အစွန်းရောက် ARSA ၊ RSO စစ်သွေးကြွ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို အာရက္ခပြည်အတွင်း ဥပဒေချိုးဖောက်မှုတွေ၊ အကြမ်းဖက် သောင်းကျန်းလှုပ်ရှားနေမှုတွေကို ကာကွယ်တိုက်ဖျက်ဖို့ အတွက် ULA/AA အနေနဲ့ အာရက္ခပြည်ရဲ့ လုံခြုံရေးကို အထူးတိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်ပြီး နယ်စပ်မှာနေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့ကို AA က တိုက်တွန်းထားပါတယ်။

related posts

Leave a Comment