Home နိုင်ငံရေး ရှမ်းနီ PDF ဖွဲ့စည်းမှု ဘာကြောင့် လက်မခံတာလဲ

ရှမ်းနီ PDF ဖွဲ့စည်းမှု ဘာကြောင့် လက်မခံတာလဲ

by Homeland Author

ရှမ်းနီ PDF ဖွဲ့စည်းမယ်ဆိုတဲ့ ကိစ္စကြောင့် HPDF-124 တပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်တဲ့ စိုင်းအောင် ဆိုသူနဲ့ သူ့ရဲ့ တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ဟုမ္မလင်းမြို့နယ် ပကဖ တွေက အင်အားအလုံးအရင်းနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က ဟုမ္မလင်းမြို့နယ် – ဖောင်းပြင်နယ်စပ်က နမ့်နန်းစျေးတန်းမှာရှိတဲ့ စိုင်းအောင်ရဲ့ အမျိုးသမီးဖြစ်သူ နေအိမ်ကို ရောက်ရှိနေချိန် NUG ရဲ့ ပကဖ၊ ပအဖ နဲ့ ခန္တီးခရိုင်တပ်ရင်း စုစုပေါင်း အင်အား ၂၀၀ နဲ့ ပိတ်ဆို့ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ လုပ်ရပ်ဟာ ရှမ်းနီလူမျိုးတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်နေတဲ့ သဘောသက်ရောက်ပြီး တော်လှန်ရေးမှာ ရှမ်းနီ လက်နက်ကိုင်တစ်ခုအဖြစ် ရပ်တည်ချင်တာဟာ ကောင်းတဲ့ လက္ခဏာတစ်ခုလို့ မြင်မိကြောင်း မိုးညှင်းမြို့မှ ရှမ်းနီလူငယ်တစ်ဦးက ပြောပါတယ်။

“ဒါက တော်လှန်ရေးအဖွဲ့အစည်းတွေထဲမှာပေါ့နော်။ ရှမ်းနီလူမျိုးတွေကို ရည်ရွယ်ချက် ရှိရှိနဲ့ နှိပ်ကွပ်နေတဲ့ သဘောတရား သက်ရောက်တယ်ပေါ့နော်၊ တော်လှန်ရေး လုပ်နေတဲ့သူတွေဖက်ကနေ စဉ်းစားကြည့်မယ်ဆိုရင် ရှမ်းနီအနေနဲ့ တော်လှန်‌ရေး လက်နက်ကိုင်အဖြစ် ရပ်တည်ချင်တာက ကောင်းတဲ့ လက္ခဏာလို့ သုံးသပ်လို့ ရတယ်၊ သူတို့ အသုံးချတတ်မယ်ဆိုရင် ရှမ်းနီ PDF အနေနဲ့ တော်လှန်ရေးမှာ ကောင်းကောင်း အသုံးချလို့ ရနိုင်မယ်ပေါ့။ အခု ရှမ်းနီ PDF ထောင်မယ့်အဖွဲ့ကို NUG လက်အောက်မှာရှိတဲ့အဖွဲ့က ဖမ်းဆီးတယ် ဆိုတာက ရှမ်းနီလူမျိုးတွေအပေါ်မှာ တော်လှန်ရေးကို အကြောင်းပြပြီးမှ တမင်ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်ထားတဲ့ သဘောသက်ရောက်တာပေါ့နော်။ ဒီကိစ္စမှာ တော်လှန်ရေးထဲပါနေတဲ့ ရှမ်းနီတွေဟာ ကိုယ်လုပ်ရပ်ကို ပြန်ပြီး ဆန်းစစ်ဖို့ လိုနေပြီလို့ မီးမောင်းထိုးပြသလို ဖြစ်လာတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်တွေကို သေသေချာချာ ပြန်ပြီး သုံးသပ်ရမယ့် အနေအထား တစ်ခု ဖြစ်လာပြီ” လို့ ပြောပါတယ်။

တခြားသော လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့ရှိနေပြီး ရှမ်းနီ PDF ဖွဲ့စည်းခွင့် မပေးခြင်းက NUG နှင့် အလျဉ်းသင့်နေတဲ့ KIA ရှိနေခြင်းလားဆိုတာ မေးခွန်းထုတ်စရာ ရှိလာကြောင်း ၎င်းက ဆက်ပြောပါတယ်။

“နောက်တစ်ခုက တခြားတိုင်းရင်းသားတွေမှာလည်း သူ့လူမျိုးတပ်ဖွဲ့အနေနဲ့ ဖွဲ့ခွင့် ပေးတယ်ပေါ့လေနော်၊ ကတူးအာမီဆိုရင်လည်း KIA လက်အောက်ကနေ သွားတာပဲ။ ဒါပေမဲ့ အခု NUG နဲ့ အလျဉ်းသင့်တဲ့ KIA ရှိနေတဲ့အတွက်ကြောင့်မို့လို့ ရှမ်းနီ PDF အနေနဲ့ ထွက်လာမှာကို မလိုလားတာလား။ ဒါမှမဟုတ် နယ်မြေခွဲပေးရမှာကြောင့်မို့လား နယ်မြေခွဲပေးရပြီဆိုရင် သယံဇာတတွေ ခွဲဝေပေးရမယ့် အခန်းကဏ္ဍတွေ ရှိလာမယ်။ သူတို့ရမယ့် အခွန်အခတွေကို ခွဲဝေမပေးချင်လို့လားပေါ့။ ဒီလိုမျိုး ကဏ္ဍအထိ ပါလာပြီ။ ဆိုတော့ အကျိုးစီးပွားကို ကြည့်ပြီး လုပ်တဲ့သဘောလား ဒီလိုမျိုးလည်း သုံးသပ်လို့ရတယ်ပေါ့နော်၊ ဒီလိုမျိုး အနေအထားတွေ ဖြစ်နေပြီဆိုရင် တော်လှန်ရေးဖက်မှာ ရပ်တည်နေတဲ့ ရှမ်းနီတွေအနေနဲ့ ကိုယ်လုပ်နေတဲ့ တော်လှန်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်ပိုင်းခြား လေ့လာသုံးသပ်ဖို့ လိုနေပြီလို့တော့ ယူဆတယ်၊ အဲဒီလို ယူဆလို့ရတယ်လို့ ပြောတာက စကစ နဲ့ ပူးပေါင်းပါတို့ SNA နဲ့ ပူးပေါင်းပါတို့ ဆိုလိုချင်တာ မဟုတ်ဘူး။ ကိုယ်လျှောက်နေတဲ့ လမ်းကြောင်းဟာ တည့်တည့်မတ်မတ် သွားနေတုန်းလား၊ သွေဖယ်သွားပြီလား ဆိုတဲ့ဟာကို ပြန်သုံးသပ်ရမယ်” လို့ ပြောပါတယ်။

HPDF-124 တပ်ဖွဲ့ဝင်များ

စိုင်းအောင်ကို ဖမ်းဆီးချိန် အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး အခုက ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင်အားလုံးကို ကချင်ပြည်နယ်ဖက် ပို့လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

အဆိုပါ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီးနောက် ခန္တီးခရိုင် တပ်ရင်း ၃ မှ ထွက်ပြေးတိမ်းရှောင်နေတဲ့ “တပ်ပြေး နဲ့ ခွင့်လွန်” ရဲဘော်တွေ အနေဖြင့် တပ်ရင်းရုံးသို့ လာရောက်အသိပေးဖို့ နဲ့ သတင်းပို့ခြင်း မရှိပါက တပ်ပြေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ HPDF-124 က စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ရှမ်းနီ PDF ဖွဲ့စည်းလိုက်ပါက ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကို ထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါ ရှောင်ဖယ်လာပြီး စစ်တပ်ကို ဦးတည်တိုက်တော့မှာဖြစ်ကြောင်း၊ ရှမ်းနီအချင်းချင်း မတိုက်ခိုက်တော့မှာကို စိုးရိမ်ပုံရကြောင်း ဟုမ္မလင်းမှ ရှမ်းနီလူငယ်တစ်ဦးက ပြောပါတယ်။

“SN-PDF (ရှမ်းနီ – PDF) ဖြစ်သွားရင် SN-PDF က စစ်တပ်ကိုပဲ တိုက်တော့မှာ SNA ကို ထိုးစစ်ဆင်တဲ့ခါ ရှောင်ဖယ်ဖယ် ဖြစ်လာမှာကို KIA က စိုးရိမ်တာလဲပါမှာ။ အချင်းချင်းကို မတိုက်တော့တာမျိုး၊ တနည်း KIA နဲ့ KPDF လို ချိတ်ဆက်မိမှာ စိုးရိမ်ပုံပဲ” လို့ ပြောပါတယ်။

လက်ရှိတွင် ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေတဲ့ လူမျိုးစုကိုယ်စားပြု နာဂ PDF၊ လီဆူ PDF၊ ကူကီး PDF၊ ကတူး PDF စသဖြင့် ဖွဲ့စည်း လှုပ်ရှားနေသော်လည်း ရှမ်းနီ PDF ဖွဲ့စည်းမှုကို လက်မခံခြင်းက မေးခွန်းထုတ်ဖို့ လိုအပ်နေတယ်လို့ ရှမ်းနီတွေက ပြောပါတယ်။

NUG လက်အောက်ခံ တပ်ဖွဲ့က ရှမ်းနီ PDFအဖြစ် ဖွဲ့စည်းဖို့ ကြိုးစားတယ်လို့ဆိုကာ ဖမ်းဆီးသွားတဲ့ စိုင်းအောင်တို့ကို KIA နဲ့ NUG ဘက်က ကောင်းကောင်းမွန်မွန်ထားပေးဖို့ ရှမ်းနီ(တိုင်းလိုင်) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) မှ ဥက္ကဌ ဦးစိုင်းဌေးအောင် မေတ္တာရပ်ခံပြောဆိုထားပါတယ်။

related posts

Leave a Comment