“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားတဲ့ ဟိုပန် နဲ့ ပန်လုံမြို့တွေမှာ စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးဆင်းတာ၊ မဲဆွယ်စည်းရုံးတာမျိုး တွေ့ရှိပါက UWSA ရဲ့ တရားစီရင်ရေးဌာနသို့ တိုင်ကြားနိုင်တယ်လို့ “ဝ” လူငယ့်အသံက ဖော်ပြပါတယ်။
မနေ့က စက်တင်ဘာ ၄ ရက်မှာ ပြုလုပ်တဲ့ “ဝ” ပြည်နယ်၊ စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ ပြစ်မှုတွေနဲ့ပတ်သက်ပြီး ချမှတ်အရေးယူနိုင်တဲ့ ပုဒ်မ၊ ဥပဒေဆိုင်ရာ အသိ ပညာပေး လူထုအစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
UWSA တပ်ဖွဲ့ အုပ်ချုပ်တဲ့ဒေသမှာ “ဝ” ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP) တစ်ခုသာ ရှိကြောင်း၊ အခြားပါတီ မရှိဘဲ မဲပုံးထောင်ခွင့်မရှိကြောင်း ဆိုပါတယ်။
UWSA ထိန်းချုပ်နယ်မြေတွေမှာ အရင် အစိုးရ အဆက်ဆက်ဖြစ်တဲ့ ဦးသိန်းစိန်အစိုးရ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လက်ထက်ကတည်းက ရွေးကောက်ပွဲ ကျင်းပဖို့ တောင်းဆိုချက်တွေကို “ဝ” တပ်ဖွဲ့က အကြိမ်ကြိမ်ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဟိုပန် နဲ့ ပန်လုံဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်တဲ့ AA-TNLA-MNDAA တို့က စစ်တပ်ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် UWSA က ဝင်ရောက်ထိန်းချုပ်ခဲ့တာပါ။
စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပသွားမှာဖြစ်ပြီး UWSA ထိန်းချုပ်မြို့နယ်တွေအပြင် ၎င်းတို့ လက်လွှတ်ထားရတဲ့ မြို့နယ်တွေမှာလည်း ကျင်းပသွားမယ်လို့ ကြေညာထားပါတယ်။