အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဦးစိုးထက် (ခ) ဆလိုင်းမဲလုဟာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်ဆောင်နေခြင်းကြောင့် NLD မှ ထုတ်ပယ်ကြောင်း ဆိုပါတယ်။
NLD ရဲ့ ထုတ်ပြန်ချက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်၍ နိုင်ငံတော် အာဏာကိုအဓမ္မလုယူခဲ့ပြီး လွတ်လပ်သန့်ရှင်းတရားမျှတစွာကျင်းပနိုင်ခဲ့တယ်လို့ ကမ္ဘာ့နိုင်ငံအသီးသီးမှ အသိအမှတ်ပြုထုတ်ပြန်ထားခဲ့တဲ့ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကန့်ကွက်ကာ NLD ရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံအကြီးအကဲတွေကို မတရားဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကော်မရှင်ဟာ နိုင်ငံရေးတရားဝင်မှုရရှိစေဖို့ ရည်ရွယ်၍ အတုအယောင်ရွေးကောက်ပွဲ ကျင်းပဖို့ ကြံစည်အားထုတ်နေမှုကို NLD ရဲ့ ကြားကာလဗဟိုကော်မတီအစည်းအဝေးတွေမှာ အသိအမှတ်မပြုဖို့ နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ထုတ်ပြန်တားမြစ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ တားမြစ်ချက်တွေကို မျက်ကွယ်ပြု၍ ရွေးကောက်ပွဲဝင်မယ့် ချင်းပြည်နယ် ပလက်ဝမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင်နဲ့ ပလက်ဝမြို့ နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုးထက် (ခ) ဆလိုင်းမဲလုကို NLD ပါတီရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာခြင်းမရှိသူအဖြစ် သတ်မှတ်ကာ ပါတီမှ ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။
ဦးစိုးထက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ ချင်းပြည်နယ်ရဲ့ စည်ပင်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူလည်း ဖြစ်ပြီး လက်ရှိမှာ ချင်းပြည်သစ်ကွန်ဂရက်ပါတီ (NCC) ကို ထူထောင်ကာ ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။
စစ်ကော်မရှင်ကတော့ လာမယ့် ၂၀၂၅ ခုနှစ်၊ ဒီဇင်လာလအတွင်း အထွေထွေရွေးကောက်ပွဲ ပထမပိုင်းကို ကျင်းပမယ့်လို့ ကြေညာထားပါတယ်။