Home နိုင်ငံတကာ စစ်တပ်အပေါ် အရေးယူကိုင်တွယ်မှု မရှိတဲ့ အာဆီယံကို NUG စိတ်ပျက်

စစ်တပ်အပေါ် အရေးယူကိုင်တွယ်မှု မရှိတဲ့ အာဆီယံကို NUG စိတ်ပျက်

by Homeland Author

အာဆီယံအနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို ထိရောက်စွာ အရေးယူကိုင်တွယ်မှု မရှိတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် များစွာစိတ်ပျက်ရတယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ “အားလုံး ပါဝင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်နဲ့ပတ်သက်၍ NUG ရဲ့သဘောထားထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

NUG က “အဆိုပါပူးတွဲကြေညာချက်မှာ အာဆီယံရဲ့ မြန်မာနိုင်ငံတွင်းပဋိပက္ခတွေ ပိုမိုမြင့်တက်လာမှု နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ပိုမိုဆိုးရွားလာမှုအပေါ် စိုးရိမ်ပူပန် ကြောင်းဖော်ပြချက်၊ အရပ်သားပြည်သူတွေနဲ့ အများပြည်သူဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထားကာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေမှုအပေါ် ရှုတ်ချချက်နဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့အတွက် တိကျခိုင်မာတဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းချက်တွေ ပါဝင်သော်လည်း၊ အာဆီယံအနေနဲ့ ကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် တိုက်ရိုက်ထုတ်ဖော်ရှုတ်ချမှုနဲ့ ထိရောက်စွာ အရေးယူကိုင်တွယ်မှု မရှိတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် များစွာစိတ်ပျက်ရပါတယ်” လို့ ဆိုပါတယ်။

အာဆီယံက ဘုံသဘောတူညီချက် (၅) ရပ်ကို အာဆီယံရဲ့ အဓိကရည်ညွှန်းချက်အတွက် အတည်ပြုကြောင်း အကြိမ်ကြိမ် ထုတ်ပြန်အသိပေးခဲ့သော်လည်း၊ စစ်တပ်ဟာအရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ အကြမ်းဖက်မှုတွေ ဆိုးရွားကျယ်ပြန့်စွာ ဆက်လက်ကျူးလွန်လျက်ရှိပြီး အဆိုပါ ပူးတွဲကြညာချက်ထုတ်ပြန်တဲ့နေ့မှာပဲ စစ်ကိုင်း ဖက်ဒရယ်ယူနစ်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးသူငယ်တွေအပါအဝင် အပြစ်မဲ့ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကြံစည်နေမှုမှာ အာဆီယံဘုံသဘောတူညီချက်ပါ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးဆိုတဲ့ အချက်ကိုဆန့်ကျင်နေတာဟာ ထင်ရှားတယ်လို့ ဆိုပါတယ်။

သို့သော်လည်း အာဆီယံအနေနဲ့ အဆိုပါ အတုအယောင်ရွေးကောက်ပွဲအပေါ် သတိပေးဟန့်တားမှု တစုံတရာမပါရှိတဲ့အတွက် စစ်တပ်ကို သွယ်ဝိုက်၍ အကာအကွယ်ပေးနေတဲ့ သဘောသက်ရောက်နိုင်တယ်လို့ ရှုမြင်ကြောင်း NUG က ဆိုပါတယ်။

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တွင် စတင်တာဝန်ယူခဲ့တဲ့အချိန်မှစတင်၍ H.E. Tan Sri Othman Hashim ဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ၊ အာဆီယံဆွေးနွေးဖက်နိုင်ငံတွေ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာနဲ့ ဒေသတွင်းမိတ်ဖက်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တတ်သိပညာရှင်တွေ ထိတွေ့ချိတ်ဆက် ဆောင်ရွက်လျက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

သို့သော်လည်း မြန်မာနိုင်ငံသို့ သွားရောက်၍ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ရေးအတွက် စစ်တပ်ကို စည်းရုံးဖိအားပေးနိုင်စွမ်း မရှိနေတဲ့အချက်က အာဆီယံရဲ့ မြန်မာ့အရေးကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမှာ အကန့်အသတ်များစွာ ရှိနေကြောင်းကို ဖော်ပြရာရောက်တယ်လို့ NUG က ဆိုပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အာဆီယံဒေသတွင်း စုစည်းမှု၊ ငြိမ်းချမ်းတည်ငြိမ်မှု၊ ကြွယ်ဝဖွံ့ဖြိုးမှုနဲ့ လူထုဗဟိုပြု အာဆီယံအသိုက်အဝန်း တည်ဆောက်နိုင်ရေးတို့ကို အဟန့်အတား ဖြစ်စေခဲ့ရတဲ့ အခြေအနေကို ကောင်းစွာလက်ခံကာ၊ စစ်တပ်ကို ဖိအားပေး အရေးယူမှုနဲ့ လက်တွေ့ကျသင့်လျော်တဲ့ ဆောင်ရွက်မှုတွေအပါအဝင် လိုအပ်တဲ့ မဟာဗျုဟာတွေ ချမှတ်ဆောင်ရွက်သွားဖို့ NUG က တိုက်တွန်းထားပါတယ်။

related posts

Leave a Comment