ရှမ်းလူမျိုး နာမည်ကျော် တေးရေးဆရာ စိုင်းခမ်းလိတ် ဖန်တီးရေးသားခဲ့တဲ့ တေးသီချင်းတွေကို ကြိုတင်၍ ခွင့်ပြုချက်ရယူတောင်းခံခြင်း မရှိဘဲ မည့်သည့်ကဏ္ဍတွင်မဆို အသုံးပြုခြင်းကို တားမြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာမှတဆင့် အသိပေးကြေညာထားပါတယ်။
စိုင်းခမ်းလိတ် ဖန်တီးခဲ့တဲ့ တေးသီချင်းတွေရဲ့ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်တွေ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်တွေအားလုံးတို့ကို တေးရေးဆရာ စိုင်းခမ်းလိတ် ကိုယ်တိုင်မှသော်လည်းကောင်း၊ ဂီတဆိုင်ရာ မူပိုင်ခွင့် ကိစ္စရပ်တွေနဲ့ စပ်လျဉ်းတဲ့ အသုံးပြုဖို့ ခွင့်ပြုချက် တောင်းခံခြင်း၊ အသုံးပြုဖို့ ခွင့်ပြုချက် ပေးအပ်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေကိုလည်းကောင်း၊ အဲဒီလို အသုံးပြုခြင်းများမှ ရရှိလာတဲ့ အကျိုးခံစားခွင့်တွေကို လည်းကောင်း တိကျစွာ ရရှိနိုင်ဖို့အတွက် တရားဝင်လွှဲအပ်ညွှန်ကြားထားတဲ့ IMAGINE Music Publishing Co.,Ltd မှလည်းကောင်း စီမံခန့်ခွဲလျက်ရှိတယ်လို့ ဆိုပါတယ်။
ဒါကြောင့် တေးရေးဆရာ စိုင်းခမ်းလိတ် ဖန်တီးရေးသားခဲ့တဲ့ တေးသီချင်းတွေကို ကြိုတင်၍ ခွင့်ပြုချက်ရယူတောင်းခံခြင်း မရှိဘဲ မည့်သည့်ကဏ္ဍတွင်မဆို အသုံးပြုခြင်းကို တားမြစ်တယ်လို့ ဆိုပါတယ်။
အသုံးပြုမယ်ဆိုပါက တေးရေးဆရာ စိုင်းခမ်းလိတ်ထံသို့ ဖြစ်စေ၊ တေးသီချင်း အသုံးပြုခွင့်နဲ့ မူပိုင်ခွင့်ဆိုရာကိစ္စရပ်တွေကို ဦးဆောင်စီမံခန့်ခွဲနိုင်ဖို့ တရားဝင်လွှဲအပ်ထားတဲ့ IMAGINE Music Publishing Co.,Ltd မှ ဖြစ်စေ၊ အသုံးမပြုမီ ကြိုတင်ခွင့်ပြုချက်ရယူ၍ ခွင့်ပြုချက်ရရှိမှသာ အသုံးပြုကြဖို့နဲ့ ခွင့်ပြုချက်မဲ့ အသုံးပြုမှုတွေကြောင့် နစ်နာမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာခဲ့ပါက ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
စိုင်းခမ်းလိတ်ဟာ ရှမ်းလူမျိုး တေးရေးဆရာတစ်ဦးဖြစ်တဲ့အပြင် ဆရာဝန်၊ ဆေးတက္ကသိုလ်ကထိက၊ တေးပြုစာဆိုတစ်ဦးလည်း ဖြစ်ပြီး ကိုယ်ပိုင်သံစဉ် တေးသီချင်းပေါင်းများစွာကို ဖန်တီးရေးသားခဲ့သူဖြစ်ပါတယ်။


