သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းခရိုင်၊ မိုင်းယု (၁၀၅) မိုင်မှာ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးများကို ညီနောင်မဟာမိတ် ၃ ဖွဲ့ (AA-TNLA-MNDAA) တို့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ညီနောင်မဟာမိတ် (၃)ဖွဲ့ စတင်အုပ်ချုပ်တဲ့အချိန်မှစ၍ ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မနေ့က ဇွန်လ ၂၆ ရက်နေ့မှာ လူမြင်ကွင်းရှေ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
အဆိုပါ မူးယစ်ဆေးဝါးတွေဟာ ဘိန်းဖြူ (ဆပ်ပြာခွက်) (၁၂)ခွက်၊ အထုပ် (၂)ထုပ်၊ အချိုရည်ပိုက်အတွင်းရှိ ဘိန်းဖြူ (၂၂၃)ခု၊ Happy Water (၅၆)ထုပ်၊ ယာမစိတ်ကြွဆေးပြား (၁၂၆၆၀)ပြားနဲ့ ဘိန်းမည်း (၁)ထုပ်တို့ဖြစ်တယ်လို့ ဆိုပါတယ်။
ညီနောင်မဟာမိတ် (၃)ဖွဲ့ဟာ မနေ့က ဇွန်လ (၂၆)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အနေနဲ့ မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုပါတယ်။