ဖက်ဒရယ်သျှမ်းပြည်ပြန်လည်ထူထောင်ရေးအပါအဝင် သျှမ်းတစ်မျိုးသားလုံး သွေးစည်းညီညွှတ်ရေး စတဲ့အချက်တွေကို အကောင်အထည်ဖော်ဖဖို့ သျှမ်းလူငယ်ကွန်ကရက်ကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။
သျှမ်းပြည်တွင်း၊ သျှမ်းပြည်ပြင်ပ နေရာအသီးသီးမှ ကဏ္ဍအသီးသီးမှာ ဆောင်ရွက်နေကြတဲ့ သျှမ်းလူငယ်တွေ၊ ကျောင်သားအဖွဲ့အစည်းတွေအပါအဝင် အရပ်ဘက်အဖွဲ့မှ လူငယ်တွေ စုပေါင်းတက်ရောက်ခဲ့ကြတဲ့ ပထမအကြိမ် “တိုင်း” လူငယ်ထုညီလာခံကို ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ ၂၀၂၄ ခုနှစ်၊ မေလ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ညီလာခံကျင်းပပြီးနောက် သျှမ်းလူငယ်ကွန်ကရက် (DYC) ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့သလို အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းလာရေး၊ မိမိတို့ ကြမ္မာ မိမိ ဖန်တီးခွင့်ရရှိရေး၊ ဖက်ဒရယ်သျှမ်းပြည်ထူထောင်ရေး နဲ့ သျှမ်းလူငယ်ထုမှသည် သျှမ်းတမျိုးသားလုံးစည်းလုံးညီညွှတ်ရေး စတဲ့မူဝါဒတွေကို ကိုင်စွဲပြီး သျှမ်းလူငယ်နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဦးဆောင်ကာ သက်ဆိုင်ရာ သျှမ်းနိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ဟာ သျှမ်းတစ်မျိုးသားလုံးအတွက် နိုင်ငံရေး၊ တော်လှန်ရေး စိန်ခေါ်မှုတွေ ကြီးမားနေတဲ့အချိန်ဖြစ်ရာ သျှမ်းလူငယ်အဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလသျှမ်းနိုင်ငံရေး တက်ကြွလူငယ်တွေမှ မိမိတို့နဲ့ လက်တွဲကာ ပူးပေါင်းသွားကြဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒါ့အပြင် လက်ရှိမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ကဏ္ဍအသီးသီးမှ ကျရာနေရာမှာ စုစည်း၍ ပါဝင်တိုက်ပွဲဝင်ကြတဲ့ ပြည်တွင်းပြည်ပ နေရာဒေသအသီးသီးရှိ တော်လှန်ရေးမဟာမိတ် အင်အားစုတွေနဲ့လည်း လက်တွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။