သျှမ်းပြည်ပြည်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ဇွန်လ ၂၆ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာပါ။
၂၀၂၄ – ၂၀၂၅ ခုနှစ် ၁ နှစ်တာ ကာလအတွင်း ဖမ်ဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘိန်း (၁၂) ကီလိုဂရမ်၊ ဘိန်းဖြူ (၂၆၆.၄) ဂရမ်၊ စိတ်ကြွဆေးပြား (၁,၈၁၆,၇၉၄) ပြား၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူ ကျား (၉) ဦး၊ မ (၄) ဦး စုစုပေါင်း (၁၃) ဦး ဖမ်ဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး သုံးစွဲသူ ကျား (၆၉၃) ဦး၊ မ (၃) ဦး စုစုပေါင်း (၆၉၆) ဦးကို ဆေးဝါးကုသပေးပြီး ပြည်လည်ထူထောင်ခဲ့ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးလုပ်ငန်း (၁၂၉) ကြိမ် ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
သျှမ်းပြည်အတွင်း ဘိန်းစိုက်တောင်သူတွေနဲ့ မူးယစ်ဆေးဝါး စီးပွားရေး လုပ်ဆောင်သူတို့ရဲ့ ရေရှည်စားဝတ်နေရေးအတွက် အစားထိုးသီးနှံတွေ စိုက်ပျိုးခြင်းကို အလေးထား ဆောင်ရွက်ပေးရမယ်လို့ RCSS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရေရှည်စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ဝင်ငွေရရှိတဲ့ အခြားလုပ်ငန်းတွေကို မြှင့်တင်ခြင်းအားဖြင့် လူ့အသိုင်းအဝိုင်းကို မူးယစ်ဆေးဝါးအပေါ် မှီခိုခြင်းမှ ကင်းလွတ်စေပါမည်ဟု ဆိုပါတယ်။
အသိပညာပေးလုပ်ငန်းဆောင်ရွက်ခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်း၊ အစားထိုးသီးနှံနဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးခြင်းတို့ဟာ လူတစ်ဦးချင်းစီအား ရပ်တည်စေနိုင်ပြီး ငတ်မွတ်ခေါင်းပါးမှုကို လျှော့ချိနိုင်ခြင်း၊ လူ့အသိုင်းအဝိုင်အား ကျန်းမာသန်စွမ်းစေ၍ မူးယစ်ဆေးဝါးဆက်စပ် စီးပွားရေးလုပ်ငန်းတွေ လုပ်ခြင်းကို လျှောချစေနိုင်တယ်လို့ ဆိုပါတယ်။
ယနေ့ မိမိတို့ ရင်ဆိုင်နေရတဲ့ မူးယစ်ဆေးဝါးပြဿနာဟာ လက်ရှိနိုင်ငံရေးအကျပ်အတည်းရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ စိန်ခေါ်ချက်တွေကို လျှော့ချနိုင်ဖို့ ပဋိပက္ခဖြေရှင်းတာ၊ နိုင်ငံရေးတည်ငြိမ်ခြင်းတို့ကို အဓိပ္ပာယ်ရှိစေတာ၊ ရေရှည်တည်တံ့ခြင်း နည်းလမ်းတို့ဖြင့် ဦးစားပေး ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးလုပ်ငန်းတွေ မြှင့်တင်ခြင်း၊ လူ့အခွင့်အရေးအား လေးစားခြင်း၊ မိမိတို့အသိုင်းအဝိုင်းမှာ ရင်းနှီးမြှပ်နှံခြင်းတို့ဟာ ဥပဒေပြင်ပ ကူးသန်းရောင်းဝယ်မှုတွေကို ဖြိုဖျက်စေနိုင်တယ်လို့ ဆိုပါတယ်။
မိမိတို့အားလုံး လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တောက်ပသော အနာဂတ်တို့အတွက် လမ်းခင်းပေးနိုင်ကြောင်း RCSS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










