အာရက္ခတပ်တော် (AA) က ပြဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက် (NDEP) နှင့်အညီ တောင်ကုတ်မြို့နယ် နဲ့ မြောက်ဦးမြို့နယ်မှ ရခိုင်လူငယ်တွေဟာ စစ်သင်တန်းတက်ရောက်ဖို့ သွားရောက်နေကြတာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၂ ရက်မှာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ ရခိုင်ပြည်နယ်က လူငယ်တွေကို ပြည်ပြင်ပထွက်ခွင့် တားမြစ်လိုက်တယ်လို့ AA က ထုတ်ပြန်လိုက်ပါတယ်။
အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (National Defence Emergency Provision-NDEP) ကို ၂၀၂၅ ခုနှစ် မတ် ၁၈ ရက်မှာ စတင်ပြဋ္ဌာန်းလိုက်ပြီးနောက် ရခိုင်ပြည်နယ်က လူငယ်တချို့ဟာ အဲဒီအရေးပေါ်ပြဋ္ဌာန်းချက်ကို သေချာနားမလည်ဘဲ တိုင်းပြည်တာဝန်ထမ်းဆောင်မှုကို ရှောင်လွှဲဖို့ ပုံစံအမျိုးမျိုးနဲ့ ကြိုးပမ်းနေကြတာကို တွေ့လာရတယ်လို့ AA က ပြောပါတယ်။
တိုင်းပြည်တာဝန်ထမ်းဆောင်မှုကို ရှောင်လွှဲပြီး ထွက်ပြေးဖို့ ကြိုးပမ်းနေတဲ့ လူငယ်တွေကို တားမြစ်ဖို့အတွက် အချက် ၄ နဲ့ လူငယ်တွေ ရခိုင်ပြည်နယ်ပြင်ပ ထွက်ခွာမှုကို တားမြစ်လိုက်တယ်လို့ ဆိုထားပါတယ်။
ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာပြီး သွားလိုသူတွေဟာ NDEP နဲ့ စစ်မှုထမ်းဖို့ အကျုံးဝင်ပြီး စစ်မှုမထမ်းလိုဘဲ ထွက်ပြေးသူတွေကို သွားလာခွင့်ပိတ်ကာ စစ်ရေးအခြေအနေတခု ရောက်ရှိတဲ့အထိ တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။
အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ကုသမှုမပေးနိုင်တဲ့ ပြင်းထန်ရောဂါရှိတဲ့လူနာတွေ၊ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေကလွဲပြီး နေရပ်စွန့်ခွာလိုသူတွေဟာ NDEP အရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်မှ ၂၅ နှစ် အသက်အရွယ်အတွင်း ရှိတဲ့သူတွေကို ပြည်နယ်ပြင်ပသွားလာခွင့် မပြုဘဲ လက်ရှိတိုက်ပွဲကြောင့် ဖြစ်ပေါ်နေတဲ့ အရေးပေါ်ကာလ ပြီးတဲ့အထိ တားမြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါကြောင့် လက်ရှိမှာ မြို့နယ်အသီးသီးက ရခိုင်လူငယ်တွေဟာ စစ်သင်တန်းတက်ရောက်ဖို့ အာရက္ခတပ်တော် (AA) ထံ သွားရောက်နေကြပြီပဲ ဖြစ်ပါတယ်။