စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြိုနယ်မှာ လူ ၅ ဦးထက် ပိုမစုဖို့ နဲ့ ည မထွက်ရ အမိန့်ကို ဇွန်လ ၁၅ ရက် ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးက ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ပါတယ်။
ဟုမ္မလင်းမြို့နယ်အတွင်း လူတချို့ဟာ အများပြည်သူတို့ရဲ့ လုံခြုံရေး နဲ့ တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေဖို့ စိုးရိမ်ဖွယ်ရာရှိတဲ့ အပြုအမှုတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ ပြုမှုဆောင်ရွက်တာဟာ တည်ငြိမ်အေးချမ်းမှုနဲ့ အများပြည်သူတို့ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားစေနိုင်တယ်လို့ ယူဆကြောင်း ဆိုပါတယ်။
ဒါကြောင့် ဟုမ္မလင်းမြို့နယ်မှာ စုဝေးတာ၊ ဟောပြောတာ၊ ဆန္ဒပြတာ၊ ဖျက်ဆီးတာ၊ ရုန်းရင်းဆန်ခတ်ပြုမှုတာတွေကို မပြုလုပ်ဖို့ တားမြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် လူ ၅ ဦး သို့မဟုတ် ၅ ဦးထက် ပိုသောသူတွေဟာ ဟုမ္မလင်းမြို့နယ်အတွင်း လမ်းမကြီးတွေ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ စုဝေးခြင်း မပြုဖို့ နဲ့ ည ၁၀ နာရီမှ နောက်နေ့ မနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ကြောင်း ဆိုပါတယ်။
အဆိုပါ အမိန့် ထုတ်ပြန်တဲ့ ဇွန်လ ၁၆ ရက်နေ့မှ ဩဂုတ် ၁၄ ရက်နေ့အထိ အတည်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။