စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။
လက်ရှိ ဟုမ္မလင်းမြို့နယ်ကို ကုန်းလမ်း၊ ရေလမ်းအား လက်နက်ကိုင် အဖွဲ့တွေက ပိတ်ဆို့ထားတာကြောင်းလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကုန်းလမ်း၊ ရေလမ်း ပိတ်ထားတုန်းပဲ။ ပကဖ တွေက SNA စိုးမိုးနယ်မြေတွေကို ရိက္ခာဖြတ်တောက်တာလို့ ပြောတယ်။ ကုန်ဈေးနှုန်းကတော့ တော်တော်ကြီးနေပြီ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ အခြေခံစားသောက်ကုန် ဈေးနှုန်း အပြင် စက်သုံးဆီဈေးပါ မြင့်တက်နေတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်ကို ကုန်းလမ်း၊ ရေလမ်းကြောင်းတွေ ဖြတ်တောက်ထားပြီး အကန့်အသတ်ဖြစ် သယ်ယူခွင့်ပြုခြင်းကြောင့် ကုန်ပစ္စည်းတွေကို လေကြောင်းလိုင်းနဲ့သာ အဓိကထား သယ်ယူနေကြရတယ်လို့ ဆိုပါတယ်။
ဒေသခံတစ်ဦးက “စက်သုံးဆီဈေးက ဟိုတလောက တစ်ပေပါကို ၁၉ သိန်း ဝန်းကျင်၊ အခုက ၂၂ ဝန်းကျင် ဈေးပေါက်နေပြန်ပြီ။ ဒါတောင် လိုသလောက် မရဘူး” လို့ ပြောပါတယ်။
တော်လှန်ရေး အင်အားစုတွေရဲ့ လမ်းဖြတ်တောက်ခြင်းကြောင့် ကုန်သွယ်မှု ကြန့်ကြာနေသလို မိုးတွင်းကာလ ဖြစ်တာကြောင့် လမ်းပျက်စီးမှုတွေ ဖြစ်ပွားကာ သယ်ယူစရိတ်တွေလည်း အဆမတန် ဈေးနှုန်းမြင့်တက်လျက် ရှိနေတယ်လို့ ဆိုပါတယ်။


