Home နိုင်ငံရေး ကျွန်ဘဝမှ လွတ်မြောက်ရေး တပ်နဲ့လူထု ပူးပေါင်းပြီး ကြိုးပမ်းဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

ကျွန်ဘဝမှ လွတ်မြောက်ရေး တပ်နဲ့လူထု ပူးပေါင်းပြီး ကြိုးပမ်းဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ် ပြော

by Homeland Author

“လူထုက ရေ၊ တပ်က ငါး” ဆိုသကဲ့သို့ မိမိတို့အချင်းချင်း အမှီသဟဲပြု လက်တွဲပူးပေါင်းပြီး တော်လှန်ရေးအပေါ် အားသွန်ခွန်စိုက်၍ ကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွသွားကြဖို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး‌ကောင်စီ (RCSS/SSA) မှ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။

ဒီကနေ့ မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ သျှမ်းပြည်တော်လှန်‌ရေးနေ့ (၆၇) နှစ်မြောက်သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

၆၇ နှစ်တာ အချိန်ကာလအတွင်း မိမိတို့ဟာ အကောင်း‌ရောအဆိုးပါ ဒွန်တွဲကြုံတွေ့ခဲ့‌ရကြောင်း တော်လှန်ရေးကြောင့် ပြည်သူလူထုတွေ အခက်အခဲတွေကို များစွာ ခံစားခဲ့ကြရတယ်လို့ ဆိုပါတယ်။

မိမိတို့ တပ်ဟာလည်း တိုက်ပွဲတွေ ဆင်နွှဲပြီး ဒုက္ခကြီးစွာ ရင်ဆိုင်ခဲ့ရကြောင်း၊ တိုက်ပွဲမှာ တပ်ဖွဲ့ဝင်တွေ၊ အရာရှိတွေဟာ ဒဏ်ရာရှိတာ၊ ကျဆုံးတာတွေရှိခဲ့ပြီး သျှမ်းပြည်‌တော်လှန်ရေးကာလအတွင်း ဒဏ်ရာရရှိခဲ့ကြတဲ့ ကျဆုံးခဲ့ကြတဲ့ သူတွေကို အလေးပြု ဂုဏ်ယူတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရရှိခဲ့ကြတဲ့ ကျဆုံးခဲ့ကြတဲ့ သူတွေကို RCSS က နှစ်စဉ်နှစ်တိုင်း တော်လှန်ရေးနေ့ အခမ်းအနားကျင်းပပြီး သူရဲကောင်းတွေကို ဆုတံဆိပ်ချီးမြင့်တာ၊ လွမ်းသူ့ပန်းခွေချတာတွေ ပြုလုပ်ပေးခဲ့သလို အလှူအဒါန်း ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပြီး အမျှပေးတွေခဲ့ကြောင်း ဖော်ပြထားပါတယ်။

၁၉၄၇ ပင်လုံစာချုပ်ပါ နိုင်ငံရေးသဘောတူညီချက်ကို ဗမာအစိုးရက အကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိတဲ့အတွက် တော်လှန်ရေး ပေါ်ပေါက်လာခြင်း ဖြစ်ပြီး ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့မှာ စဝ်နွဲ့ ခေါ် ဆောယန်တ ဦးစီးပြီး လူ ၃၁ ဦး၊ သေနတ် ၇ လက်နဲ့ “နွံစစ်ဟန်” တပ်ကို ဖွဲ့စည်းကာ သျှမ်းတော်လှန်ရေးကို ကနဦး စတင်ခဲ့တယ်လို့ ဆိုပါတယ်။

စဝ်နွဲ့က သျှမ်းတော်လှန်ရေးမျိုးစေ့ ချပေးတာ၊ မျိုးချစ်စိတ်ရှိအောင် ပျိုးထောင်ပေးတာတို့ကြောင့် ဒီကနေ့အထိ တော်လှန်ရေးကို ဆက်လက်တည်ရှိနေတာဖြစ်ကြောင်း၊ တပ်သာလျှင် တိုင်းပြည်ကို ကာကွယ်ပေးနိုင်မယ့် အင်အားဖြစ်တာကို သျှမ်းစော်ဘွားတွေနဲ့ စဝ်နွဲ့တို့က သိရှိနားလည်တာကြောင့် စော်ဘွားတွေက စဝ်နွဲ့ကို “နွံစစ်ဟန်” တပ်ကို ဖွဲ့စည်းဖို့ တာဝန်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သျှမ်းတော်လှန်ရေး ၆၇ နှစ်တာကာလမှာ အတွင်းအပြင် နိုင်ငံရေးပြဿနာ ကြုံတွေ့ရတာ၊ အမြင်မတူတာတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့တွေအကြား သွေးကွဲမှုတွေ ရှိခဲ့ကြောင်း၊ တော်လှန်ရေးအဖွဲ့အချို့က စီးပွားရေး လုပ်ငန်းရှင်တွေကို နောက်ခံထားပြီး ကိုယ်ကျိုးစီးပွား လုပ်ငန်းတွေ လုပ်ကိုင်တာ၊ သျှမ်းလူထုတို့ရဲ့ ပညာရေး၊ ဗဟုသုတ မပြည့်စုံတာတို့ကြောင့် ရန်သူရဲ့ စည်းရုံး သိမ်းသွင်းမှုကို ခံရပြီး အသုံးချခံဘဝ ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါတွေဟာ သျှမ်းတော်လှန်ရေးရဲ့ အားနည်းချက် ဖြစ်သလို တော်လှန်ရေး ပန်းတိုင် မရောက်အောင် ဟန့်တားတဲ့ အတားအဆီးလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ရှည်ကြာလာခြင်းနဲ့အတူ သင်ခန်းစာ အမျိုးမျိုးလည်း ရရှိခဲ့ပြီဖြစ်ကြောင်း သျှမ်းပြည်လူထုတွေ၊ မျိုးချစ်တွေ အနေနဲ့ ရရှိခဲ့တဲ့ သင်ခန်းစာကို လေ့လာသုံးသပ်ပြီး အတွေးအခေါ်နဲ့ လုပ်ငန်းတွေကို ပြုပြင်ရမယ်လို့ ဆိုပါတယ်။

တော်လှန်ရေး ဆောလျင်စွာ အောင်မြင်ရေးနဲ့ ကျွန်ဘဝ လွတ်မြောက်ရေးအတွက် သျှမ်းပြည်သားတွေအားလုံး အနေနဲ့ အမျိုးသား၊ တိုင်းပြည်၊ ဘာသာ၊ သာသနာတို့အတွက် ရည်မှန်းပြီး တော်လှန်ရေးမှာ ရဲ့ဝံ့စွာ ပါဝင်ဆင်နွှဲကြဖို့ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။

related posts

Leave a Comment