Home နိုင်ငံရေး စစ်ကောင်စီနဲ့ UWSA ထိန်းချုပ်ဒေသမှာ မြေရှားသတ္တုတူးဖော်နေ

စစ်ကောင်စီနဲ့ UWSA ထိန်းချုပ်ဒေသမှာ မြေရှားသတ္တုတူးဖော်နေ

by Homeland Author

မိုင်းယွန်းရှိနမ့်ခုတ်မြစ်အရှေ့ဘက်ကမ်းရှိ မြေရှားသတ္တုတွင်းဟုယူဆရသောနေရာ

စစ်ကောင်စီနဲ့ “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသ မိုင်းဆက်မြို့နယ်မှာ မြေရှားသတ္တုတူးဖော်မှုရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်ပါတယ်။

မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသရှိ မြေရှား သတ္တုတွင်း ၂ ခုရဲ့ စွန့်ပစ် ပစ္စည်းတွေဟာ နမ့်ခုတ်မြစ် အတွင်းကို စီး၀င်တဲ့ ရေအရင်းအမြစ်တွေကို ညစ်ညမ်းစေပြီး ထိုင်း-မြန်မာ နယ်စပ်နှစ်ဘက်လုံးရှိ မြစ်အောက်ပိုင်းမှာ နေထိုင်တဲ့ ဒေသခံပြည်သူ တစ်သန်းကျော်ရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်လာမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

နမ့်ခုတ်မြစ်အရှေ့ဘက်မှ ၃.၆ ကီလိုမီတာကွာဝေးတဲ့ မြေရှားသတ္တုတွင်းလို့ ယူဆရတဲ့နေရာ ဂြိုလ်တုဓာတ်ပုံတွေမှ ဖော်ပြတဲ့ပုံရိပ်တွေအရ အဆိုပါ သတ္တုတွင်းတွေရဲ့ ပုံသဏ္ဍန်မှာ ကချင်ပြည်ရှိ တရုတ်ကုမ္ပဏီတွေမှ terbium (Tb) နဲ့ dysprosium (Dy) တို့ကို ပမာဏများစွာ တူးဖော်နေတဲ့ မြေရှားသတ္တုတွင်းတွေရဲ့ ပုံသဏ္ဍာန်ကဲ့သို့ လုပ်ငန်းသုံးကန်အ၀ိုင်းတွေကို စီတန်းထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ကချင်ပြည်ရှိ မြေရှားသတ္တုတွင်းတူးဖော်မှုဟာ သဘာ၀ပတ်၀န်းကျင်ကို ပြင်းထန်စွာထိခိုက်စေတဲ့ in situ leaching” နည်းလမ်းနဲ့ တူးဖော်ခြင်းဖြစ်ပြီး ၄င်းမှာ မြေရှားသတ္တုများကိုထုတ်ယူဖို့ တောင်တွေကို အပေါက်ဖောက်ကာ ပိုက်တွေမှတစ်ဆင့် ဓာတုပစ္စည်းတွေလောင်းထည့် ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် အဆိုပါ ဓာတုပစ္စည်းအရည်တွေကို ကန်အတွင်းသို့ ပြန်ထည့်သွင်းပြီး အခြားဓာတုပစ္စည်းတွေကို ထပ်ထည့်ကာ မြေရှားသတ္တုကို ထုတ်ယူခြင်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရှိမြေရှားသတ္တုတွင်း၊ နမ့်ခုတ်မြစ်အရှေ့ဘက်ကမ်းရှိ မြေရှားသတ္တုတွင်းဟုယူဆရသောနေရာ

နမ့်ခုတ်မြစ်အရှေ့ ဘက်မှ ၄ ကီလိုမီတာကွာ၀ေးတဲ့ အဆိုပါ မြေရှားသတ္တုတွင်းမှာ ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး နမ့်ခုတ်မြစ်မှ ၂ ကီလိုမီတာ ကွာဝေးတဲ့ မြေရှားသတ္တုတွင်းကတော့ ၂၀၂၄ နှစ်လယ်ပိုင်းမှာ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ဒေသရှိ သဘာ၀ပတ်၀န်းကျင်ပျက်စီးမှုတွေနဲ့ မြေရှားသတ္တုတွင်းအနီးနေထိုင်တဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးထိခိုက်မှုတွေကို စနစ်တကျမှတ်တမ်းတင် ထုတ်ပြန်ထားမှုတွေ ရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အောက်ခြေမှ တူးဖော်ထုတ်ယူမှုဟာ မြေပြိုမှုတွေဖြစ်စေခြင်း၊ မြေပေါ်မြေအောက်ရေတွေ အဆိပ်သင့် စေခြင်း၊ ငါးတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေကို သေဆုံးစေခြင်း နဲ့ စိုက်ပျိုးပင်တွေကို ထိခိုက်စေခြင်းတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။

မိုင်းယွန်းဒေသရှိ မြေရှားသတ္တုတွင်းတွေဟာ နမ့်ခုတ်မြစ်အတွင်းသို့ အဆိပ်တွေ စွန့်ထုတ်နေပြီဖြစ်ရာ ရွှေတွင်းတွေကြောင့် ရှိနေပြီးသားဖြစ်တဲ့ ညစ်ညမ်းမှုတွေထက် ပိုမိုဆိုးရွားနိုင်ပြီး ရှမ်းပြည် တောင်ပိုင်း နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းရှိ နမ့်ခုတ်မြစ်တစ်လျှောက်မှာနေထိုင်တဲ့ ဒေသခံတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ နမ့်ခုတ်မြစ်ဟာ ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် တာတွန်းရွာမှတစ်ဆင့် ချင်းရိုင်ခရိုင်ကို ဖြတ်သန်းစီးဆင်းပြီး ချင်းဆန်မြို့နယ်မှာ မဲခေါင်မြစ်အတွင်း စီး၀င်ပါတယ်။

စစ်ကောင်စီနဲ့ UWSA ထိန်းချုပ်ဒေသမှာ မြေရှားသတ္တုတူးဖော်မှုနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ နယ်စပ်ဖြတ်ကျော်သက်ရောက်မှုတွေဟာ နယ်စပ် နှစ်ဘက် ၂ နိုင်ငံလုံးရှိ တာ၀န်ရှိသူတွေမှ အဆောတလျင် စုံစမ်းဖို့ လိုအပ်နေပြီး သတ္တုတူးဖော်မှုနဲ့ ပတ်သက်နေတဲ့ အချက်အလက်တွေအားလုံးကို အများပြည်သူသိရှိစေဖို့ ထုတ်ဖော်ပြသရန် လိုအပ်တယ်လို့ ဆိုပါတယ်။

နမ့်ခုတ်မြစ်အရှေ့ဘက်မှ ၃.၆ ကီလိုမီတာကွာဝေးသော မြေရှားသတ္တုတွင်းဟုယူဆရသောနေရာ

related posts

Leave a Comment