Home နိုင်ငံရေး စစ်ကောင်စီကို အရေးယူပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို NLD တောင်းဆို

စစ်ကောင်စီကို အရေးယူပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို NLD တောင်းဆို

by Homeland Author

လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု နဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်လျက် ရှိတဲ့ စစ်ကောင်စီကို ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီး၊ အရေးယူဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တောင်းဆိုလိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် တော်လှန်ရေး အင်အားစုအသီးသီးက ယာယီအပစ်အခတ်ရပ်စဲခဲ့တယ်လို့ မေလ ၁၅ ရက် NLD ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီကလည်း ဧပြီ ၂ ရက်နေ့မှစတင်ပြီး အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

လူ့အခွင့်အရေးကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD) မှ ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ အပစ်ရပ်ကာလအတွင်း ဧပြီ ၃ ရက်နေ့ကနေ မေလ ၁၃ ရက်အထိ တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ‌လေကြောင်းတိုက်ခိုက်မှု ၁၈၁ ကြိမ်ကြောင့် သေဆုံးသူ ၁၈၂ ဦးမှာ ၁၈ နှစ်အောက် ၃၄ ဦးနဲ့ ဒဏ်ရာရသူ ၂၉၈ ဦးမှာ ၁၈ နှစ်အောက် ၇၆ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတို့မှာ လေကြောင်း တိုက်ခိုက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး မေလ ၁၂ ရက် စစ်ကိုင်းတိုင်း၊ ဒီပဲယင်း အနောက်ခြမ်း အိုးထိန်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှု ဆရာမ ၂ ဦးနဲ့ ကျောင်းသူ ၂၂ ဦး သေဆုံးခဲ့မှုမှာ အဆိုးဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ထွန်းရဝေကျေးရွာဟောင်း ပေါင် ၅၀၀ ဗုံးနဲ့ တိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁၃ ဦး သေဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုင်းနဲ့ပြည်နယ် ၅ ခုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၅ ကြိမ်မှာ သေဆုံးသူ ဒေသခံ ၁၄ ဦး နဲ့ ဒဏ်ရာရရှိသူ ၄၃ ဦးရှိရာ ၁၈ နှစ်အောက် ကလေးသူငယ် ၈ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ငလျင်ဘေးသင့်ဒေသတစ်ခုဖြစ်ခဲ့တဲ့ မန္တလေးတိုင်းရှိ အိုးဘိုအကျဉ်းထောင်မှာ အိပ်ဆောင်တွေ၊ အလုပ်ရုံနဲ့ထောင်တွင်းဆေးရုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး အကျဉ်းသားအကျဉ်းသူ ၆၄ ဦး သေဆုံးခဲ့ရာ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံးခဲ့သည်ဟု သိရပြီး နိုင်ငံရေး အကျဉ်းသူ ၆ ဦးကို အမည်စာရင်းနဲ့တကွ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက် (PPNM) မှ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီဟာ အပစ်ရပ်ရေး ထုတ်ပြန်ချက်တွေကို ချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု နဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်လျက် ရှိတာကြောင့် ကုလသမဂ္ဂနဲ့ အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီး၊ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုတာလို့ NLD က ထုတ်ပြန်ခဲ့တာပါ။

related posts

Leave a Comment