စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ဒီကနေ့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) မှာ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA) က တောင်းဆိုလိုက်ပါတယ်။
စစ်အာဏာသိမ်းပြီးချိန်မှစ၍ လက်ရှိအချိန်အထိ စစ်ကောင်စီဟာ သတင်းသမား ၂၀၀ ဦးကျော်ကို ဖမ်းဆီးခဲ့ပြီး၊ ယနေ့အချိန် အထိ နိုင်ငံတဝှမ်းရှိ အကျဥ်းထောင်တွေမှာ သတင်းသမား ၄၇ ဦး အကျဥ်းကျခံနေရဆဲဖြစ်ပြီး စစ်ကောင်စီရဲ့ လက်ချက်နဲ့ သတင်းသမား ၇ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက်ပိုင်းမှစ၍ ယနေ့အထိ ၄ နှစ်ကျော် ကာလအတွင်း မြန်မာနိုင်ငံသည်ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။
နယ်စည်းမထားသတင်းထောက်များအဖွဲ့ (Reporter Without Border-RSF) ကထုတ်ပြန်ထားတဲ့ ၂၀၂၅ ခုနစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းများအရ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံဟာ အဆင့် ၁၆၉ မှာ ရပ်တည်နေပါတယ်။
သတင်းသမားများကာကွယ်ရေးကော်မတီ (Committee to Protect Journalists – CPJ) ရဲ့ ၂၀၂၅ ခုနှစ် အချက် အလက်များအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ စာနယ်ဇင်းသတင်းသမားများဖမ်းဆီးခံရမှု တတိယအများဆုံး နိုင်ငံဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အင်တာနက်ကန့်သတ်ထားခြင်း နဲ့ သတင်းသမားတွေအပေါ် လက်ရှိအချိန်အထိ ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်နေတာဟာ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ပြီး အများပြည်သူရဲ့ သတင်းသိပိုင်ခွင့်ကို တားဆီးပိတ်ပင်ထားခြင်းဖြစ်တယ်လို့ IMJA ရဲ့ ထုတ်ပြန်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်အတွင်း ပြည်သူတွေဟာ စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်တာ၊ နိုင်ငံတကာသတင်းထောက်တွေကို သတင်းအချက်အလက်တွေ ရယူတင်ပြခွင့်မပေးတာကို ကိုပြောင်ပြောင်တင်းတင်း ဆောင်ရွက်ခဲ့တာကိုလည်း IMJA အပြင် ကုလသမဂ္ဂ၊ နိုင်ငံတကာအစိုးရတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေလည်း မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
သတင်းသမားတွေကိုဖမ်းဆီးတာ၊ သတင်းရယူပိုင်ခွင့်ကို နည်းမျိုးစုံ နဲ့ တားဆီးပိတ်ပင်တာဟာ ပြည်သူတို့ရဲ့ နားမျက်စိတွေကို ပိတ်ပင်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သတင်းထောက်တွေရဲ့ သတင်းရယူပိုင်ခွင့်နဲ့ သတင်းလွတ်လပ်လွတ်ခွင့်ကို အဖွဲ့အစည်းအသီးသီးမှ လေးစား လိုက်နာကြဖို့လည်း IMJA က တိုက်တွန်းတောင်းဆိုထားပါတယ်။