ရှမ်းပြည်တပ်မတော် (SSA) တည်ထောင်ခဲ့ခြင်း (၆၁) နှစ်ပြည့် အခမ်းအနားကို ဒီကနေ့ ဧပြီ ၂၄ ရက်နေ့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဗဟိုဌာနချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို SSPP မှ နာယက ဗိုလ်ချုပ်ကြီး စေထင် ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်တွေ၊ တပ်ဖက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဌာနတွေ၊ ဒေသခံပြည်သူတွေ စုစုပေါင်း ၇၀၀၀ ဦးကျော် တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်တပ်မတော် (SSA) (၆၁) နှစ်ပြည့် အခမ်းအနားကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLO/PNLA) ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၊ SSPP ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ပန်ဖတို့မှ ပေးပို့လာတဲ့ ဂုဏ်ပြု သဝဏ်လွှာတွေကို ဖတ်ကြားပေးခဲ့ပြီး ရှမ်းပြည်တပ်မတော် (SSA) ရဲ့ ငွေရတု ရွှေရတု ဆုချီးမြှင့်ရန် ထိုက်တန်သူတွေအချို့ကို ဆုချီးမြှင့်ပေးခဲ့ပြီးနောက် စစ်ကြောင်း(၁၇) ကြောင်း စစ်အင်အား (၃၀၀၀) ဦးကျော်နဲ့ စစ်ရေးပြအခမ်းအနား ကျင်းပခဲ့တယ်လို့ SSPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ညောင်ရွှေ စော်ဘွား စဝ်ရွှေသိုက်ရဲ့ မဟာဒေဝီ ဖြစ်သူ စဝ်နန်းဟိန်းခမ်းက ရှမ်းပြည်မှာ ပြန့်ကျဲနေတဲ့ ရှမ်းပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (SSIA)၊ ရှမ်းအမျိုးသား စည်းလုံးညီညွတ်ရေး တပ်ဖွဲ့ (SNUF) ၊ စဝ်လတ်(ၸဝ်ႈလႅတ်ႇ) ဦး ဆောင်တဲ့ ကိုကန့်တပ်ဖွဲ့တွေကို ဖျက်သိမ်း စုစည်းခဲ့ပြီး ဧပြီလ ၊ ၂၄ ရက် ၊ ၁၉၆၄ ခုနှစ်၌ ရှမ်းပြည်တပ်မတော် (SSA) ကို စတင် ထူထောင်ခဲ့တာလို့ ဆိုပါတယ်။




