Home နိုင်ငံရေး ဘေးဒုက္ခကြုံနေရတဲ့လူထုကို ကြည့်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ ကျားနီပါတီ ပြော

ဘေးဒုက္ခကြုံနေရတဲ့လူထုကို ကြည့်၍ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြဖို့ ကျားနီပါတီ ပြော

by Homeland Author

ပြည်သူကို ကာကွယ်ပေးရပါတယ်ဆိုတဲ့ မြန်မာစစ်တပ် အပါအဝင် ပြည်သူ့အတွက် တော်လှန်ရေး ဆင်နွှဲနေရပါတယ်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ဘေးဒုက္ခအန္တရာယ် အမျိုးမျိုး ရင်ဆိုင်နေကြရတဲ့ ပြည်သူလူထုရဲ့ မျက်နာကို ကြည့်ပြီး အတ္တ၊ မာနတွေကို လျော့ကြပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ) က တိုက်တွန်း လိုက်ပါတယ်။

ဒါ့အပြင် ငလျင်ဘေးကြောင့် အတိဒုက္ခရောက်နေကြတဲ့ မြန်မာနိုင်ငံသားတို့ရဲ့ လူ့အသက် ရှင်သန်နိုင်ရေး အတွက် အခက်အခဲကြားမှ ကြိုးပမ်းနေကြတဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အသိအမှတ်ပြု လေးစားတန်ဘိုးထားတဲ့ အနေနဲ့ နိုင်ငံသားအချင်းချင်း သတ်ဖြတ်နေမှုတွေကို ချက်ချင်းရပ်ဆိုင်းကြဖို့ တိုက်တွန်းထားပါတယ်။

နယ်စပ်ဒေသမှာ သာမက ပြည်မဒေသတွေအထိ လက်နက်ကိုင်ပဋိပက္ခတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ ပြင်းအား ၇.၇ ရစ်ချ်စတာစကေးရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲပြီး နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတွေမှာ လူသေဆုံးမှု၊ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

လူသားချင်း ကိုယ်ချင်းစာနာ၍ လူအား၊ ငွေအား၊ ပစ္စည်းအား ကူညီပေးပို့ကြပြီး မေတ္တာ၊ ကရုနာ အပြည့်နဲ့ နှစ်သိမ့်အားပေးစကား ပြောကြားပေးကြတဲ့ နိုင်ငံတွေကိုလည်း ကျေးဇူးတင်ရှိကြောင်းနဲ့ ကျားနီပါတီအနေနဲ့လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်း ကူညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Covid-19 ကပ်ရောဂါဘေး၊ ၂၀၂၃ ခုနှစ်က မိုခါမုန်တိုင်းဘေး၊ ၂၀၂၄ ခုနှစ်က ယာဂီမုန်တိုင်းဘေးအပြင် နိုင်ငံရေးသဘောထား ကွဲလွှဲမှုကြောင့် ပိုမိုပြင်းထန်းတဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး နိုင်ငံသားတို့ အသက်အိုးအိမ်တွေ ပျက်စီးဆုံးရှုံးနေကြရတဲ့အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမူရေးတို့ အဖက်ဖက်က ကျဆင်းနေတာကို ဝမ်းနည်းဖွယ် တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံသားတို့ဟာ သဘာဝဘေးအန္တရာယ်တွေအပြင် လူလုပ်တဲ့ အန္တရာယ်တွေကိုပဲ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဘေးဒုက္ခအန္တရာယ် အမျိုးမျိုး ရင်ဆိုင်နေကြရတဲ့ ပြည်သူလူထုရဲ့ မျက်နာကို ကြည့်ပြီး အတ္တ၊ မာနတွေကို လျော့ကြပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းကြဖို့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ကျားနီပါတီ) က တိုက်တွန်း လိုက်တာပဲ ဖြစ်ပါတယ်။

related posts

Leave a Comment