အမေရိကန်အစိုးရက ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံအစိုးရပိုင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို မြန်မာပြည်သူလူထုရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ သုံးစွဲနိုင်ဖို့အတွက် ပြန်လည်ထုတ်ပေးဖို့ နိုင်ငံရေးပါတီ ၅ ခုနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ပြည်ထောင်စု မဟာမိတ်အဖွဲ့ (FUA) က တောင်းဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက် နေ့လည် ၁၂ နာရီ ၅၁ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ပဲခူး နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတို့မှာ လူသေဆုံးမှု၊ လမ်းတံတား၊ အဆောက်အအုံ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်လာသူတွေလည်း မြေငလျင်ကြောင့် သေဆုံးကြရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသား ပြည်သူလူထု အသက်အိုးအိမ် ပျက်စီးဆုံးရှုံးကြရသူတွေအတွက် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းပြီး ကပ်ဘေးဆိုးကြီးမှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းတယ်လို့ ဆိုပါတယ်။
အခက်အခဲကြားမှ နေ့၊ ည ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ လူသားချင်း ကိုယ်ချင်းစာနာ၍ လူအား၊ ငွေအား၊ ပစ္စည်းတွေ ကူညီပေးပို့ကြပြီး မေတ္တာ၊ ကရုနာအပြည့် နဲ့ နှစ်သိမ့်အားပေးစကား ပြောကြားပေးကြတဲ့ နိုင်ငံတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။
လက်ရှိမှာ ငလျင်လှုပ်ခတ်မှုကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို မြန်မာနိုင်ငံအနေနဲ့ အရှိန်ယူ၍ အားသွန်ခွန်စိုက်ဆောင်ရွက်ရမယ်လို့ FUA က ဆိုပါတယ်။
ဒါကြောင့် ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ မြန်မာ့နိုင်ငံရေးပြဿနာကြောင့် အမေရိကန် အစိုးရက ထိန်းသိမ်းထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကို ပြန်လည်ထုတ်ပေးဖို့ ဖက်ဒရယ် ပြည်ထောင်စု မဟာမိတ်အဖွဲ့ (FUA) က တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။
ဖက်ဒရယ် ပြည်ထောင်စု မဟာမိတ်အဖွဲ့ (FUA) ကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)၊ နာဂအမျိုးသားပါတီ (NNP)၊ ကရင်ပြည်သူ့ပါတီ (KPP) နဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) တို့နဲ့ ဖွဲ့စည်းထားပါတယ်။

