ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ နမ့်ပန်၊ နောင်ကန်၊ တိတ်နန်း တို့ဘက်မှာရှိတဲ့ ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးကုသနေတဲ့ ပြည်သူတွေနဲ့ နေအိမ်ပျက်စီး ဆုံးရှုံးသွားတဲ့ ပြည်သူတွေကို သျှမ်းပြည်ပြန်လည်ထူထောင်ကောင်စီ (RCSS/SSA) ကူညီထောက်ပံ့ရေးကော်မတီအဖွဲ့မှ ယနေ့ မတ်လ ၃၁ ရက်နေ့တွင် သွားရောက်ကူညီပေးခဲ့တယ်လို့ Hsan Loi Voice က ဖော်ပြပါတယ်။
နမ့်ပန်ပြည်သူ့ဆေးရုံမှာ တက်ရောက် ဆေးကုသနေတဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၉ ဦး နဲ့ တောင်ကြီး စဝ်စံထွန်းဆေးရုံမှာ ၉ ဦး စုစုပေါင်း ၂၈ ဦးကို တစ်ဦးလျှင် ၂ သိန်းကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ကြောင့် နေအိမ်တွေ ပြိုကျပျက်စီးပြီး နောင်ကန်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေထိုင်တဲ့ ဒေသခံ ၅၀၀ ကျော်ရဲ့ စားသောက်ရေးအတွက် ကျပ်သိန်း ၅၀ နဲ့ တိတ်နန်းဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံသူ ၁၀၈ ဦး တို့အတွက် ကျပ်သိန်း ၃၀ ထောက်ပံ့ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ RCSS မှ အင်းလေးဒေသသို့ သွားရောက်ကူညီထောက်ပံ့ပေးတာဟာ အရေးပေါ်အခြေအနေ ဖြေရှင်းနိုင်ဖို့အတွက်သာဖြစ်ပြီး ဆက်လက်ပြီး ကုသရေးပိုင်း နဲ့ အခြေခံအစားအသောက်တွေ ကူညီပေးသွားမယ်လို့ သိရပါတယ်။
ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသမှာ ငလျင်ကြောင့် သေဆုံးသူ ၉၀ ကျော်အထိရှိနေပြီး နေအိမ်ပေါင်း ၂၀၀၀ ကျော်လောက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။


