Home နိုင်ငံရေး ငလျင်ဒဏ်သင့်နေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်နေဟု KNU ပြော

ငလျင်ဒဏ်သင့်နေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ်နေဟု KNU ပြော

by Homeland Author

ပြည်သူအများ ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားနေရချိန်မှာ စစ်ကောင်စီအနေနဲ့ အရပ်သားနေရာတွေကို ပစ်မှတ်ထား၍ လေကြောင်း တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာကို ဝမ်းနည်းစွာ တွေ့ရတယ်လို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပြင်းအားအဆင့် ၇.၇ ရစ်တာစကေးရှိတဲ့ ငလျင်ကြောင့် အသက်အိုးအိမ်စည်းစိမ် မြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့ရမှုအတွက် KNU အနေနဲ့ အများပြည်သူနဲ့အတူ ဝမ်းနည်းကြောင်း ဆိုပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် စိုးရိမ်ပေးကြပြီး အချိန်တိုကာလအတွင်း ကူညီဖို့ ကမ်းလှမ်းရောက်ရှိ လာကြတဲ့ နိုင်ငံတကာမှ အစိုးရတွေ၊ အဖွဲ့အစည်းတွေအပြင် ဒေသခံ ပရဟိတအဖွဲ့တွေနဲ့ ပြည်သူတွေရဲ့ ကူညီမှုတွေကို KNU အနေနဲ့ ကြိုဆိုပြီး ကျေးဇူးတင်ရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်ဟာ ဦးစွာပါဝင်ကြရသော်လည်း SAC ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ စစ်တပ်ဟာ တိုင်းပြည်ရဲ့ ကြွယ်ဝမှုနဲ့ အခွင့်ထူးတွေကို ရယူ အလွဲသုံးစားပြုလုပ်ပြီး ပြည်သူကို ဦးတည်တိုက်ခိုက်ဖို့ သာ တပ်စွဲဖြန့်ကျက်ထားတယ်လို့ ဆိုပါတယ်။

ငလျင်ဘေးသင့်ပြည်သူတွေဟာ SAC ထိန်းချုပ်မှုအောက်မှာ ရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ ရှိနေတာကို သတိမှုလျှက် ငလျင်ဘေး အကူအညီတွေ ပေးအပ်ရာမှာ အပြိုင်အကူအညီပေးတြ့ လုပ်ငန်းစဉ်တွေကို အခြေခံ၍ မြေပြင်ပေါ်မှာ အကူအညီပေးတဲ့ ဒေသခံအသိုင်းအဝိုင်းတွေမှ တစ်ဆင့် အမှန်အကန်လိုအပ်နေသူတွေထံသို့ ရောက်ရှိရေး လုပ်ဆောင်ဖို့ နိုင်ငံတကာကို KNU က တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံကြုံတွေ့ရတဲ့ နာဂစ်မုန်တိုင်းကြောင့် ပြည်သူတွေအတွက် လက်ခံရရှိတဲ့ နိုင်ငံတကာ အကူအညီတွေကို စစ်အုပ်စုက ၎င်းတို့ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခဲ့တဲ့ သမိုင်းရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခု ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေအတွက် ပေးအပ်တဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေအပေါ် စစ်တပ်က အခွင့်ကောင်းယူပြီး နိုင်ငံရေး အမြတ်မထုတ်စေဖို့ အနီးကပ် အကဲဖြတ် စောင့်ကြည့်တဲ့ လုပ်ငန်းစဉ်ကို ထည့်သွင်းဖို့ လိုတယ်လို့ တိုက်တွန်းထားပါတယ်။

KNU အနေနဲ့လည်း အရေးပေါ်လိုအပ်မှုတွေကို တုံ့ပြန်ကူညီဆောင်ရွက်ဖို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသ၍ တတ်နိုင်တဲ့ နည်းလမ်းမှ ပါဝင်သွားမယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ငလျင်ဘေးကြုံတွေ့နေရသော်လည်း စစ်ကောင်စီက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

related posts

Leave a Comment