Home နိုင်ငံရေး CDM သူနာပြု အမျိုးသမီးရဲဘော်တစ်ဦးကို ဥပဒေမဲ့ဖိနှိပ်မှု စုံစမ်းဖို့ တောင်းဆို

CDM သူနာပြု အမျိုးသမီးရဲဘော်တစ်ဦးကို ဥပဒေမဲ့ဖိနှိပ်မှု စုံစမ်းဖို့ တောင်းဆို

by Homeland Author

ဆေးတာဝန်ခံ CDM သူနာပြု အမျိုးသမီးရဲဘော်တစ်ဦးကို ဥပဒေမဲ့ဖိနှိပ်မှု နဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေ စုံစမ်းစစ်ဆေး အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ရှိ/Shield အမျိုးသမီးအဖွဲ့က မတ်လ ၂၆ ရက်မှာ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကွက်ကဲမှုအောက်ရှိ ကျောက်ဆည်ခရိုင် တပ်ရင်း (၃)မှ CDM သူနာပြု အမျိုးသမီးရဲဘော် ယဉ်မွန်အောင် ဟာ တပ်ရင်းမှာ နှုတ်ထွက်ခွင့်တောင်းသည်ကို အကြောင်းပြု၍ ရိုက်နှက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရဲဘော် ယဉ်မွန်အောင်ဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM ပြုလုပ်ကာ စစ်ဒေသ (၁)၊ အမှတ် (၅၁၅) တပ်ရင်းမှာ ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထို့နောက် ဒုတပ်ရင်းမှူး ဒေါက်တာလုံးလုံးရဲ့ ညွှန်ကြားချက်အရ ကျောက်ဆည်ခရိုင် တပ်ရင်း ၃ သို့ ပြောင်းရွေ့ကာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရင်းမှူးထံ နှုတ်ထွက်ခွင့် စာ ၃ ကြိမ် တင်ခဲ့သော်လည်း အကြောင်းပြန်ခြင်း မရှိတာကြောင့် စစ်ရေးချုပ်ထံ တိုက်ရိုက်တင်ပြခဲ့ပြီးနောက် ဝန်ကြီးဌာနရဲ့ နှုတ်မိန့်ဟု ဆိုကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

မတ်လ ၁၈ ရက်မှာ တပ်ရင်းမှ အာဏာသုံး၍ ရဲဘော် ယဉ်မွန်အောင်ကို အတင်းခေါ်ဆောင်ကာ ခွင့်ပြုချက်မရှိဘဲ အဖွဲ့ရဲ့ Facebook Messenger မှ ထွက်ခွာသည်ဟုဆိုကာ အပြစ်ပေး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်ရေးဗိုလ် ဈာန်ရဲ ဦးဆောင်ပြီး ရဲဘော် ယဉ်မွန်အောင် ကို အကြမ်းဖက် ဆွဲထုတ်ကာ ၃ ချက် ရိုက်နှက်ခဲ့ပြီး ပြည်သူ့စစ်သား ဟု အော်ခိုင်းခဲ့ကြောင်း ဖော်ပြထားပါတယ်။

သတိလစ်တဲ့အထိ နာရီပေါင်းများစွာ ဒဏ်ပေးခံရပြီး ယောက်ျားလေး အကျဉ်းသားတွေနဲ့အတူ ၃ ရက်ကြာ ခြောက်ပေါက်ချုပ်နဲ့ ချုပ်နှောင်ခံခဲ့ပြီး ချုပ်ရက်ပြည့်နေ့မှာ ထပ်မံရိုက်နှိက်ခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖုန်းနဲ့ မှတ်ပုံတင်စာအုပ် သိမ်းဆည်းခံရပြီး မိသားစုနဲ့ ဆက်သွယ်ခွင့် မပြုခဲ့ကြောင်း ဆိုပါတယ်။

နစ်နာသူကို လုံခြုံတဲ့နေရာမှာ ယာယီခိုလှုံခွင့် နဲ့ လူမှုရေး အထောက်အပံ့တွေ ပေးဖို့၊ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အရေးယူပေးဖို့၊ ဆေးကုသမှုနဲ့ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေ ချိတ်ဆက်ပေးဖို့ တောင်းဆိုထားပါတယ်။

အဆိုပါ CDM သူနာပြု အမျိုးသမီးရဲဘော်တစ်ဦးကို ဥပဒေမဲ့ဖိနှိပ်မှု ရှိ/Shield အမျိုးသမီးအဖွဲ့က သည်းမခံကြောင်း နဲ့ ဖိနှိပ်ခံအမျိုးသမီးတွေကို ဥပဒေနဲ့အညီ ကာကွယ်ပေးဖို့၊ တရားမျှတမှုရရှိရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ပူးပေါင်းကြိုးပမ်းမှု တောင်းခံတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

related posts

Leave a Comment