ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် အုံတိုင်းကျေးရွာ ရွှေဓမ္မရောင်ခြည်သျှမ်းကျောင်းဆရာတော် ဦးဓမ္မသာရ နဲ့ ဒကာ စိုင်းပီးတို့ကို သတ်ဖြတ်ခဲ့တဲ့ ပျားစစ်ကြောင်းရဲ့ လက်နက်တွေကို ဒေသတွင်း တာဝန်ရှိသူတွေက တာဝန်ခံ ထိန်းသိမ်းထားပေးဖို့ ရှမ်းအရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၄ ရက်နေ့က ဆရာတော် နဲ့ ဒကာတို့ကို ပျားစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပြီး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဖယ်ခုံမြို့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) က ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ကျေးရွာတွေမှ ဒေသခံပြည်သူတွေကို ပျားစစ်ကြောင်းရဲ့ ဆရာတော်ကို သတ်ဖြတ်မှု လုပ်ရပ်ဟာ မှန်ကန်ကြောင်း ထောက်ခံလက်မှတ်တွေကို အတင်း အဓမ္မ လိုက်လံကောက်ယူနေတယ်လို့ ဆိုပါတယ်။
အဆိုပါ လုပ်ရပ်ဟာ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ရာ ရောက်နေတဲ့အပြင် အမှုဖြစ်စဉ်အတွက် မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေကို ပိုမိုဖြစ်ပေါ်လာစေနိုင်တယ်လို့ ဆိုပါတယ်။
အမှုရဲ့ ဖြစ်စဉ်အမှန်ပေါ်ပေါက်ရေးအတွက် ဒေသခံတွေ ဒေသတွင်းသို့ စစ်ရှောင်လာတဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ကာကွယ်ပေးဖို့ တောင်းဆိုထားပါတယ်။
မည်သည့်အကြောင်းပြချက်ဖြင့် ဖြစ်စေ လက်နက်ကိုင်ထားတဲ့ တပ်ဖွဲ့တစ်ခု လူပုဂ္ဂိုလ်တို့မှ လက်နက်မရှိတဲ့ လူပုဂ္ဂိုလ်တွေကို သတ်ဖြတ်တာဟာ စစ်ရာဇဝတ်မှုသာဖြစ်ပြီး ကျူးလွန်သူတို့ကို ခြွင်းချက်မရှိ အရေးယူပေးဖို့ စစ်ရာဇဝတ်မှုဖြစ်တဲ့အတွက် စစ်ဥပဒေအရ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေမှ တာဝန်ယူပြီး အမှုကို တရားစွဲဆိုဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
အမှုမှန်မပေါ်ပေါက်မခြင်း ဒေသခံပြည်သူတွေရဲ့ လုံခြုံရေး နဲ့ အမှုတရားမျှတမှုဖြစ်စဉ်အတွက် ပျားစစ်ကြောင်းရဲ့ လက်နက်တွေကို ဒေသတွင်းတာဝန်ရှိသူတွေမှ တာဝန်ခံ ထိန်းသိမ်းထားပေးဖို့ ဆိုပါတယ်။
NUG အနေနဲ့ မလိုလားအပ်တဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်ပေါ်လာစေရေးအတွက် မိမိတို့ လက်အောက်ခံ ပလဖ နဲ့ တပ်ရင်းတပ်ဖွဲ့တွေရဲ့ လုပ်ရပ်ကို ထိန်းသိမ်းပေးဖို့ ရှမ်းအရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

