Home နိုင်ငံရေး စစ်သုံ့ပန်း သတ်ဖြတ်ခဲ့တဲ့ တပ်ဖွဲ့တချို့ကို အရေးယူပြီးပြီ ဟု AA ပြော

စစ်သုံ့ပန်း သတ်ဖြတ်ခဲ့တဲ့ တပ်ဖွဲ့တချို့ကို အရေးယူပြီးပြီ ဟု AA ပြော

by Homeland Author

ပေါက်ကြားလာတဲ့ ရုပ်သံမှတ်တမ်းအရ စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ခဲ့တဲ့ အာရက္ခတပ်တော် – AA တပ်ဖွဲ့ဝင်တွေကို အရေးယူအပြစ်ပေးခဲ့ပြီးဖြစ်တယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတင်းမီဒီယာတချို့ကို ပြောကြားထားပါတယ်။

AA က စစ်သုံ့ပန်းတချို့ကို သတ်ဖြတ်ခဲ့တယ်လို့ Fortify Rights အဖွဲ့က ဇန်နဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ကာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ကနေ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဗီဒီယိုမှတ်တမ်းမှာ တပ်မှူးတစ်ယောက်က သတ်ပစ်ဖို့ အမိန့်ပေးတာနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂ ယောက်ကို AA ယူနီဖောင်းဝတ်ဆင်ထားသူ တချို့က ညှင်းပန်းနှိပ်စက်ပြီး လည်ပင်းကို လှီးဖြတ်ခဲ့တာတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ရရှိထားတဲ့ ဗီဒီယို မှတ်တမ်းနှစ်ခုကို စိစစ်လေ့လာရာမှာ စစ်မှန်မှုရှိနေကြောင်း ယုံကြည်တယ်လို့လည်း Fortify Rights အဖွဲ့က ဆိုပါတယ်။

စစ်သုံ့ပန်းတချို့ သတ်ဖြတ်ခံရတဲ့ ဗီဒီယိုမှာ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလက ကျောက်တော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သတ်ဖြတ်မှုမှာ ပါဝင်သူတွေကို အပြစ်အပေး အရေးယူခဲ့ပြီး ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှာ ကျောက်တော်မြို့နယ် စကခ ၉ ကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့ ကာလမှာ အခုလို စစ်စည်းကမ်းချိုးဖောက်ပြီးတော့ ပြစ်မှုကျူးလွန်ခဲ့တာတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

AA တပ်ဖွဲ့ဝင်တွေအနေနဲ့ သူတို့ရဲ့ မိသားစုတွေကို မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထားတဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့တွေကို ဖမ်းမိချိန်မှာ ဒေါသမထိန်းနိုင်ဘဲ အခုလိုမျိုး လက်စားချေတဲ့ ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက်ကာ ပြစ်မှုကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ခိုင်သုခက ရှင်းလင်းပြောဆိုထားပါတယ်။

ဒီဖြစ်စဉ်မှာပါဝင်ခဲ့တဲ့ အောက်ခြေ တပ်မှူးငယ်တချို့ အပါအဝင် ပါဝင်သူအားလုံးကို ဖော်ထုတ်ပြီးတော့ အရေးယူ အပြစ်ပေးထားပြီးသားဖြစ်သလို AA အနေနဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုမျိုးကို လုံး၀ လက်မခံဘူးလို့ သူက ဆက်ပြောပါတယ်။

AA အနေနဲ့ တပ်ဖွဲ့က စစ်သည်တော်တွေ လူ့အခွင့်အရေးနဲ့ စစ်သည်တော်ကျင့်ဝတ်တွေကို လိုက်နာဖို့ ပို့ချညွှန်ကြားထားသလို အခုလို ဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေဖို့ ဆက်လက် တင်းကြပ်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

related posts

Leave a Comment