တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအပေါ် အခိုင်အမာထောက်ခံပြီး တည်ငြိမ်အေးချမ်းရေးကို အလေးထားကူညီဆောင်ရွက် ပေးနေမှုအတွက် တရုတ်ကို ကျေးဇူးတင်တယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
မနေ့က ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားသို့ တက်ရောက်စဉ် ပြောကြားခဲ့တာဖြစ်ပြီး အဆိုပါ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မာကျားနဲ့ တရုတ်အဖွဲ့အစည်းက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်လျှောက်လှမ်းနိုင်ဖို့ ဆောင်ရွက်ရာမှာ အောင်မြင်တဲ့အရွေ့တွေ ဖြစ်ပေါ်လာမှုဟာ အိမ်နီးချင်းတရုတ်ရဲ့ အားပေးကူညီမှုတွေ ဖြစ်တယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ဆက်လက်ပြီး မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ပေးဖို့ တရုတ်ကို ပန်ကြားလိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာ နှစ်နိုင်ငံကို ခိုင်မာတဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း နိုင်ငံတွေအဖြစ် ဆက်လက်ရပ်တည်နိုင်ရေး အားလုံးက ကြိုးပမ်းကြဖို့ တိုက်တွန်းတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့တို့ ဆင်နွှဲခဲ့သော ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်က မြို့အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် TNLA၊ MNDAA တို့ကို အပစ်အခတ်ရပ်စဲဖို့ တရုတ်က ဖိအားပေးခဲ့ပါတယ်။
