Home ငြိမ်းချမ်းရေး ဗန်းမောက်မှာ SNA နဲ့ ဆီလုပ်ငန်းရှင်တို့ ပူးပေါင်းပြီး Digital X-Ray ဓါတ်မှန်စက် ၁ လုံး လှူဒါန်း

ဗန်းမောက်မှာ SNA နဲ့ ဆီလုပ်ငန်းရှင်တို့ ပူးပေါင်းပြီး Digital X-Ray ဓါတ်မှန်စက် ၁ လုံး လှူဒါန်း

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်မှာ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ နဲ့ ဆီလုပ်ငန်းရှင်တို့ ပူးပေါင်းပြီး Digital X-Ray ဓါတ်မှန်စက် ၁ လုံး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ငွေကျပ် ၉၇၄ သိန်း တန်းဖိုးရှိ Digital X-Ray ဓါတ်မှန်စက် ၁ လုံးကို ဗန်းမောက်မြို့နယ် ပြည်သူ့ဆေးရုံ ကျန်မားရေးဌာနသို့ မနေ့က မတ်လ ၂၀ ရက်မှာ သွားရောက်လှူဒါန်းခဲ့တာလို့ သိရပါတယ်။

SNA မှ တာဝန်ရှိသူ တစ်ဦးက “မြို့နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပိုပြီး အဆင်ပြေစေချင်တာရယ်။ ရောဂါကို ပိုပြီးရှာဖွေကုသရ အဆင်ပြေစေချင်တာ၊ နောက်ပြီး မြို့နယ်ပြည်သူပြည်သား အားလုံး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ လှူဒါန်းတာ” လို့ ပြောပါတယ်။

ဗန်းမောက်မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လျက်ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်သူလူထုတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ က ရှမ်းနီဒေသတွင်းရှိ ပြည်သူလူထု အကျိုးသယ်ပိုးထမ်းရွက်နေတဲ့ ပညာရေးဝန်ထမ်းတွေကို ဂုဏ်ပြုပွဲနဲ့ ဂါဝရပြုဆုငွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

SNA ဟာ ရှမ်းနီဒေသတွင်းနေ ပြည်သူလူထုတို့ရဲ့ လုံခြုံရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ပိုမိုဝန်ဆောင်မှုပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

အခြားတစ်ဖက်မှာလည်း SNA နယ်မြေအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)/PDF ပူးပေါင်းတပ်ဖွဲ့တို့ ထိုးဖောက်ဝင်ရောက်လာတာကြောင့် နှစ်ဖက်အဖွဲ့အစည်းကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ သိရပါတယ်။

related posts

Leave a Comment