ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း) နဲ့ မြောက်ဥက္ကလာပတို့မှာ မတ်လ ၆ ရက်က ၉၆ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးဖမ်းဆီးရမိရာ ရောင်းချဖို့ စီမံခန့်ခွဲသူဟာ အာရက္ခတပ်တော် (AA) ရဲ့ စီးပွားရေးတာဝန်ခံဖြစ်တယ်လို့ စစ်ကောင်စီက မတ်လ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးအမှုဟာ မိမိတို့ အဖွဲ့အစည်းအပေါ် မူးယစ်ဆေးဝါး ဖမ်းမိတဲ့ ကိစ္စနဲ့ အတင်းဆက်စပ်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးမှာ မိမိတို့ အဖွဲ့အစည်းနဲ့ ဆက်စပ်မှု မရှိဘူးလို့ AA က ဒီကနေ့မှာ တုန့်ပြန်ပါတယ်။
မူးယစ်ဆေးဝါးအမှုဟာ AA ကို မဆီမဆိုင် အတင်းယိုးစွပ်တဲ့ စွပ်စွဲချက်ဟာ ယုတ္တိ လုံးဝ မရှိတဲ့အပြင် နိုင်ငံရေးသိက္ခာချသော စွပ်စွဲချက်တစ်ခုသာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ရေးအရရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာအလယ်မှာ အရှက်ရနေချိန် ရှက်ရမ်းရမ်းကာ AA ကို အငြိုးအတေးကြီးစွာနဲ့ နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုအဖြစ် ရှုမြင်သုံးသပ်တယ်လို့ AA က ထုတ်ပြန်ပါတယ်။

ထို့အပြင် ဒုစရိုက်မှုများ၊ မူးယစ်ဆေးဝါးကိစ္စရပ်အပြင် ခေတ်သစ်အွန်လိုင်း လောင်းကစား ကျားဖျန့်လုပ်ငန်းများမှာလည်း စစ်ကောင်စီရဲ့ ထိန်းချုပ်နေရာများတွင်သာ တွေ့ရှိရပြီး စစ်ဗိုလ်ချုပ်ကြီးများ ပါဝင်နေတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံတဝှမ်း စစ်ရေးအရရှုံးနေတဲ့အချိန်မှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ULA/AA ကို စွပ်စွဲနေခြင်းဟာ နိုင်ငံရေး အောက်လုံးများနဲ့ အချိန်ကိုက် ထိုးနှက်တိုက်ခိုက်ခြင်းသာ ဖြစ်တယ်လို့လည်း AA က ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ခေတ်အဆက်ဆက်ကပင် သူတို့ကို တော်လှန်ပုန်ကန်တဲ့ သူတွေကို ညှိနှိုင်းဆွေးနွေးဖို့မလိုတဲ့ ရန်ဘက်တွေလို့ အမြဲသတ်မှတ်ထားပြီးတော့ ကြီးမားတဲ့ တုန့်ပြန်မှုတွေအနေနဲ့ သတင်းမှား အမျိုးမျိုး ပြုလုပ်ကာ တိုက်ခိုက်မှုပေါင်းစုံ နဲ့ သတင်းမီဒီယာ၊ ရုပ်သံ စတာတွေနဲ့ လုပ်ကြံ ဖန်တီးတိုက်ခိုက်ခဲ့တာဟာလည်း ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီးဖြစ်တယ်လို့လည်း AA က ဆိုပါတယ်။
ရန်ကုန်မှာ မတ်လ ၆ ရက်နေ့က မြန်မာကျပ်ငွေ ၉၆ ဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေနဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့တစ်ခုကိုဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီ မူးယစ်ဆေးဝါးတွေဟာ ရှမ်းပြည်နယ်၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့ကနေ ရန်ကုန်ကို ဝင်ရောက်လာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ရန်ကုန် ကနေ မလေးရှားပြင်လယ်ပြင်ကို ချိတ်ဆက်ရောင်းချတဲ့ နေရာမှာ AA ရဲ့ စီးပွားရေးတာဝန်ခံ ကိုရဲဝင်း(ခ) ကိုကျော်စိုးလင်းနဲ့ ဇနီးဖြစ်သူ မသီတာမြင့်တို့က စီမံလုပ်ဆောင်နေတဲ့ အတွက် ဒီမူးယစ်ဆေးဝါးတွေဟာ AA နဲ့ ဆက်စပ်နေတယ်ဆိုပြီးတော့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။