ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ရဲ့ ဗဟိုစစ်ဌာနချုပ် မိန်းဆိုင်တိုင်းနိုင်း အပါအဝင် ရှမ်းနီဒေသအသီးသီးမှာ ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ၄၉၈ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ကို SNA တပ်မဟာ ၆၁၄၊ တပ်မဟာ ၅၆၅ နဲ့ အခြားသော တပ်မဟာ နယ်မြေတွေမှာလည်း ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
မျက်မှောက်ခေတ်မှာ ရှမ်းနီတိုင်းရင်းသားတွေအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရေး နဲ့ ပုံစံအမျိုး မျိုးသော အာဏာရှင်စနစ်တို့ ချုပ်ငြိမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားကြရာမှာ ဘိုးဘွားပိုင်နယ်မြေတွေ ပြန်လည်ရရှိရေး၊ ရသင့်ရထိုက်တဲ့ နိုင်ငံရေးဆိုင်ရာ တန်းတူညီမျှမှု ရရှိရေး နဲ့ ရှမ်းနီအမျိုးသားတွေ ပြည်နယ် တည်ထောင်နိုင်ရေးတို့ကို ဘုံရည်မှန်းချက်အဖြစ် ထားရှိကာ ဝိုင်းဝန်းဖော်ဆောင်ကြဖို့ လိုအပ်တယ်လို ရှမ်းနီအမျိုးသားများ ညီညွတ်ရေးအစည်းအရုံး (SNUA) က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အဲဒီလို ဝိုင်းဝန်ဖော်ဆောင်ရာမှာ အနာဂတ် ရှမ်းနီအမျိုးသားများပြည်နယ်အတွက် အသုံးဝင်တဲ့ လူသားအရင်း အမြစ်ကောင်းတွေ ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်၍ ရှမ်းနီမျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေး၊ နိုင်ငံရေး၊ လူမှုရေး စတဲ့ ကဏ္ဍအသီးသီးကို အသိအမှတ်ပြုဖို့ နဲ့ မြေတောင်မြှောက်ပေးဖို့ အထူးလိုအပ်တယ်လို့ SNUA ရဲ့ ရှမ်းနီအမျိုးသားနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
မိမိတို့ ရှမ်းနီတိုင်းရင်းသားတွေအနေနဲ့ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စစ်ရေး အခြေအနေတို့ကို ပါးနပ်စွာ နားလည်သိမြင်ကာ မိမိတို့အချင်းချင်း စည်းလုံးညီညွတ်မှုကို အခိုင်အမာတည်ဆောက်ဖို့၊ ပညာကို အခြေခံတဲ့ ဝံသာနုရက္ခိတတရားကို လက်ကိုင်ထားကြဖို့၊ အပြန်အလှန်ယုံကြည်အားကိုးထိုက်တဲ့ ညီနောင် မဟာမိတ်ကောင်းတွေ ထားရှိနိုင်ဖို့ နဲ့ ဘုံရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ရှမ်းနီအမျိုးသားများပြည်နယ်ကို ခိုင်မာစွာ တည်ဆောက်နိုင်ဖို့အတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်းထားပါတယ်။

ရှမ်းနီတိုင်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံမြို့ပြအင်ပါယာအပြင် အခြားသော အောင်မြင်မှုတွေကို တည်ဆောက်နိုင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၈၈၈ ခုနှစ်၊ ခရစ်နှစ် ၁၅၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။
ရှမ်းနီလူမျိုးတွေဟာ မြန်မာပြည် အထက်ပိုင်း ဟုမ္မလင်း၊ သောင်သွပ်၊ ခန္တီး၊ ကောလင်း၊ ဝန်းသို၊ ထီးချိုင့်၊ ပင်လည်ဘူး၊ အင်းတော်၊ ဗန်းမောက်၊ ကသာ၊ ကလေး၊ တမူး၊ မော်လိုက်၊ ဖောင်းပြင်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ အင်းတော်ကြီး၊ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆင်ဘို၊ တာလောကြီး၊ ဟိုပင်၊ ဟောင်ပါး၊ လုံးခင်း၊ တာမခံ နဲ့ ဖားကန့် စတဲ့ဒေသတွေမှာ ကျယ်ပြန့်စွာ နေထိုင်ကြပါတယ်။
အဆိုပါ ဒေသတွေကို စုစည်းပြီး ရှမ်းနီပြည်နယ် သို့မဟုတ် ရှမ်းနီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ဖွဲ့စည်းနိုင်ဖို့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
