Home နိုင်ငံရေး မြန်မာနိုင်ငံရှိ လူ ၁ သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့ ရပ်ဆိုင်းရတော့မယ်လို့ WFP ပြော

မြန်မာနိုင်ငံရှိ လူ ၁ သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့ ရပ်ဆိုင်းရတော့မယ်လို့ WFP ပြော

by Homeland Author

ရန်ပုံငွေ မလုံလောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့တွေ လာမယ့် ဧပြီလမှစတင်ပြီး ရပ်ဆိုင်းရတော့မယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က သတိပေး ပြောကြားပါတယ်။

ရန်ပုံငွေအသစ်မရရှိပါက WFP ဟာ ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြတဲ့ အသက်ငါးနှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ နို့တိုက်မိခင်တွေနဲ့ မသန်စွမ်းသူတွေ ပါဝင်တဲ့ လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က “အခုဖြစ်လာမယ့် အကူအညီ ရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခုတည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတစ်ဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန်ဆိုးရွားဆိုးရွား ရိုက်ခတ်နိုင်ပါတယ်” လို့ ပြောပါတယ်။

မိမိတို့အနေနဲ့ မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီသွားမယ်ဆိုတဲ့ ကတိကဝတ်အတိုင်း ဆက်လက်ကြိုးစားလုပ်ဆောင်နေမှာဖြစ်ပေမဲ့ အကူအညီ အမှန်တကယ်လိုအပ်နေတဲ့သူတွေဆီ ဆက်လက်ပေးပို့နိုင်ဖို့ရာ ရန်ပုံငွေတွေ ချက်ချင်းလက်ငင်းရရှိဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

လာမယ့်အထောက်အပံ့ရပ်ဆိုင်းမှုဟာ စားနပ်ရိက္ခာရရှိဖို့ WFP ရဲ့ အထောက်အပံ့ကိုသာ အားထားနေရတဲ့ ရိုဟင်ဂျာမွတ်ဆလင်အသိုင်းအဝိုင်းတွေအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုနှစ်အတွင်း မြန်မာပြည်သူပြည်သားတွေအတွက် အသက်ကယ်ဆယ်ရေးရိက္ခာအထောက်အပံ့တွေ ဆက်လက်ပေးအပ်သွားနိုင်ဖို့ WFP ဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးတကြီး လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။

မြန်နိုင်မာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်းမှုတွေနဲ့ သွားရောက်ကူညီခွင့် ကန့်သတ်ချက်တွေ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်တွေ ပိုမိုများပြားလာနေတဲ့ အချိန်မှာမှ အခုလို အထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment