အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နဲ့ စစ်ရာဇဝတ်မှုအတွက် ဖမ်းဝရမ်းထုတ်ခြင်းမှ ဖယ်ရှားနိုင်ရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ပါတည်။
“မိမိတို့ NLD အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးထင်ကျော် တို့ကို ဖမ်းဝရမ်း ထုတ်ထားမှုမှ ဖယ်ရှားနိုင်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးထင်ကျော်တို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ရေးကော်မတီ – Justice Seeking Committee for Daw Aung San Su Kyi and U Htin Kyaw ကို ဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ပြီး ရည်ရွယ်ချက်တူတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုမှုမှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက်ရှင်းလင်းပြောကြားခဲ့ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလိုက်နာရတဲ့ ရွေးကောက်ခံအစိုးရဖြစ်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀ (ခ) အရ မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရရဲ့ စီမံခန့်ခွဲမှု အောက်မှာ ရှိမနေဘဲ တပ်မတော်၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဌာနတွေဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တိုက်ရိုက် စီမံခန့်ခွဲမှုအောက်မှာ ရှိနေခြင်းတို့ ဖော်ပြပါရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ပြီး ရွေးကောက်ခံ အရပ်သားအစိုးရအဖွဲ့ခေါင်းဆောင်တွေကို ဖမ်းဆီး ထိန်းသိမ်းပြီး အာဏာရယူထားတာကို ထောက်ရှုခြင်းအားဖြင့် စစ်တပ်ဟာ အရပ်သားအစိုးရ အောက်မှာ မရှိတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ICJ မှာ အဲဒီလို ရှင်းလင်းခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးထင်ကျော် တို့အား စစ်တပ်၏ စနစ်တတကျ ကျူးလွန်မှုတွေမှာ တာဝန်ရှိသူတွေလို့ သတ်မှတ်စွဲဆိုတာဟာ အဓိကတာဝန်ရှိသူ စစ်တပ်ခေါင်းဆောင်တွေရဲ့ တာဝန်ခံမှုကို မှေးမှိန်သွားစေတာကြောင့် တရားမျှတမှု ဖော်ထုတ်ရေးအတွက် မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ဖမ်းဝရမ်း ထုတ်လိုက်တာဟာ စစ်အာဏာရှင်ကို တွန်းလှန်နေကြတဲ့ မြန်မာပြည်သူတရပ်လုံး စိတ်မချမ်းမြေ့ဖွယ် ဖြစ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးထင်ကျော်တို့အပေါ် ဖမ်းဝရမ်းထုတ်ခြင်းကို အာဂျင်တီးနားတရားရုံး အနေနဲ့ ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းမေတ္တာရပ်ခံတယ်လို့ ဖော်ပြပါတယ်။