အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော် နဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နဲ့ စစ်ရာဇဝတ်မှုအတွက် ဖမ်းဝရမ်းထုတ် တရားစွဲဆို ထားခြင်းမှ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က မနေ့က ဖေဖော်ဝါရီ ၁၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ အပေါင်းအပါတွေ နည်းတူ တရားခံစာရင်းမှာ ထည့်သွင်းပြီး ဖမ်းဝရမ်း ထုတ်ဖို့ ကြိုးပမ်းနေတာဟာ မှားယွင်းတဲ့ စွပ်စွဲချက်အဖြစ် အခိုင်အမာ မှတ်ယူတယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ဟာ ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်၍ ရေရှည်ငြိမ်းချမ်းပြေလည်မယ့် အဖြေရရှိ စေဖို့ “ကိုဖီအာနန်ကော်မရှင်” ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အလားတူ NUG အနေနဲ့လည်း “ရိုဟင်ဂျာမူဝါဒ” တစ်ရပ် ပြဌာန်းပြီး ရိုဟင်ဂျာ ပြည်သူတွေ တရားမျှတမှု ရရှိရေး နဲ့ ပတ်သက်ပြီး တစိုက်မတ်မတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အခုလို အာဂျင်တီးနားတရားရုံးမှာ မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းဟာ ရိုဟင်ဂျာပြည်သူလူထုနဲ့ အခြားပြည်သူလူထုတွေအကြား နားလည်မှု လွဲမှားခြင်းတွေ ဖြစ်ပေါ်လာနိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနဲ့ အနာဂတ်ကာလ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကို များစွာအနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်တွေကို ထည့်သွင်းတရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ဖို့ ကြိုးပမ်းခြင်းဟာ မြန်မာနိုင်ငံသားတွေ အချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိတဲ့ နွေဦးတော်လှန်ရေးကို အနှောင့်အယှက် ဖြစ်စေသလို စစ်အာဏာရှင်တွေကိုသာ အကျိုးကျေးဇူးဖြစ်ထွန်း စေလိမ့်မယ်လို့ NUG က သဘောထား ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်၊ မောင်တောမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ၂၃ ဦး၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနား တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်တာ ဖြစ်ပါတယ်။