တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လုပ်ဆောင်နေတဲ့ သီပေါမြို့အဝင် မုခ်ဦးရှိ ရှမ်းပြည်ကိုယ်စားပြုအမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်ဖြင့် အစားထိုးပြောင်းလဲ လုပ်ဆောင်ခြင်းအပါအဝင် အခြားသော တော်လှန်ရေးဦးတည်ချက်တွေနဲ့ ဆန်ကျင်တဲ့ လုပ်ရပ်ကို ကန့်ကွက်တယ်လို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ ထုတ်ပြန်ပါတယ်။
အရင်နှစ်ကလည်း ကွတ်ခိုင် မြို့နယ် မိုင်းယုဒေသ၊ နမ္မတူမြို့နယ် မိုင်းရင်ဒေသ စတဲ့ နယ်မြေဒေသတွေမှာ အလားတူကိစ္စရပ်တွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်ကလည်း မူဆယ်မြို့နယ်၊ စယ်လန့်ရွာရှိ ရှမ်းလူမျိုးတို့ရဲ့ အထွဋ်အမြတ် အခေါင်အချုပ် ဖြစ်တဲ့ စဝ်ဆေခန်ဖရဲ့ နန်းမြို့ရိုးဟောင်းကို ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့ကြောင်း ရှမ်းလူမျိုးတို့ အမြတ်တနိုး ထိန်းသိမ်းထားရှိသော စဝ်ဆေခန်ဖရဲ့ နန်းမြို့ရိုးဟောင်းကို ဖျက်ဆီးတဲ့ အချိန်မှာ လူမျိုးရေးပဋိပက္ခ မဖြစ်ပွားစေရေး ရည်သန်၍ စစ်ရေးနည်းလမ်းအစား ငြိမ်းချမ်းစွာနဲ့ ဆွေးနွေး ဖြေရှင်းတဲ့နည်းလမ်းကို ရှမ်းအဖွဲ့အစည်းအသီးသီးက ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ် ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး နဲ့ ပြည်သူ့အစိုးရ ပေါ်ထွန်းရေးတို့ဟာ လက်ရှိတော်လှန်ရေးရဲ့ ဦးတည်ချက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုရဲ့ အရင်းခံပြဿနာတွေကို စုပေါင်းဖြေရှင်းပြီး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင် နိုင်ရေးကို ဦးတည်ခဲ့ကြတယ်လို့ ဆိုပါတယ်။
TNLA အနေနဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ ဒီမိုကရေစီ မဆန်တဲ့ အခြားကိစ္စရပ်တွေကို ပြုလုပ်နေတာဟာ ဒေသခံ ပြည်သူတို့ရဲ့ ဆန္ဒသဘောထားကို မထီမဲ့မြင်ပြုတာ၊ အချုပ်အခြာအာဏာပိုင် ပြည်သူတို့ကို လေးစားသမှု မရှိတာ၊ မိမိအစုအဖွဲ့လိုဘ တစ်ခုတည်းကိုသာ ဦးတည်ဆောင်ရွက်တာ၊ ဒီမိုကရေစီရဲ့ အနှစ်သာရတွေ၊ လက်ရှိတော်လှန်ရေးရဲ့ ဦးတည်ချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲနေတယ်လို့ ဖော်ပြထားပါတယ်။
တိုင်းရင်းသားလူမျိုးအချင်းချင်း ပဋိပက္ခ မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူအကွယှဉ်တွဲ နေထိုင်နိုင်ရေးကို ဆန့်ကျင်ရာရောက်ခြင်းတို့ကြောင့် TNLA ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဆိုပါတယ်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်က TNLA ဟာ သီပေါမြို့အဝင်မုခ်ဦးရှိ ရှမ်းပြည်ကိုယ်စားပြု အမှတ်သရုပ်ကို ပလောင်လူမျိုးအမှတ်သရုပ်နဲ့ အစားထိုးပြောင်းလဲ လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်။