မန္တလေးတိုင်း တကောင်းမြို့အနီးရှိ မင်းကုန်းရွာကို မတ်လ ၂ ရက်နေ့က စစ်တပ်မှ ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ စစ်တပ်ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြလာပါတယ်။
တွင်းငယ် – တကောင်းကြား မင်းကုန်းရွာ အခြေပြုနေထိုင်နေတဲ့ PDF စခန်းကို စစ်တပ်စစ်ကြောင်းတွေက ချေမှုန်းသိမ်းပိုက်လိုက်ကြောင်း၊ အဲဒီ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အလောင်း ၁၁ လောင်း နဲ့ လက်နက် ၄ လက်ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်း နယ်စပ်မှာရှိတဲ့ တကောင်းမြို့ဟာ စစ်ရေးအရ အချက်အချာကျတဲ့ မြို့ဖြစ်ကြောင်း၊ အဆိုပါ တကောင်းမြို့ကို ပြန်ရဖို့ စစ်တပ်က ထိုးစစ်ဆင်နေတာဟာ တလခန့် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
နယ်မြေအများအပြားကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ စစ်တပ်ဟာ ခေတ်မီဒရုန်းတွေကို အသုံးပြု၍ ပြန်လည်ထိုးစစ်ဆင်နေပြီး နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို လက်ရှိမှာ တကောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
တကောင်းမြို့ကို NUG ရဲ့ အမှတ် ၁ စစ်ဒေသမှ ၂၀၂၄ ခုနှစ်အတွင်း သိမ်းနိုင်ခဲ့ပြီး လက်ရှိ စစ်တပ်ရဲ့ ထိုးစစ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။


