အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) တို့ စစ်ရေး ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်လာပါတယ်။
မနေ့က ဖေဖော်ဝါရီလ (၂၇) ရက် နေ့လည် (၂) နာရီအချိန်မှာ SRA ဦးဆောင်ကော်မတီ နဲ့ NUG မှ တာဝန်ရှိသူတွေဟာ Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ တွေ့ဆုံမှုမှာ မူဝါဒအပေါ် အပြန်အလှန်ဆွေးနွေးပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်တွေ၊ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာန နဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးရေး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီဆွေးနွေးမှုမှာ NUG မှ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်၊ စီမံကိန်း ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့ကြပြီး SRA မှ ခေါင်းဆောင်တွေ စုံလင်စွာတက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အစည်းအဝေးမှာ ဦးရည်မွန်က NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒေသအခြေပြု ကာကွယ်ရေးတပ်ဖွဲ့များဆိုင်ရာ မူဝါဒကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးအင်အားစုအဖွဲ့ ၁၉ ဖွဲ့ ပါဝင်တဲ့ နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်မှာ ဖွဲ့စည်းခဲ့တာပါ။