စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဖောင်းပြင်မြို့နယ်ရှိ ဟော်ဇောင်းရွာကို စစ်တပ်က ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၇ ရက်တွေမှာ နှစ်ရက်ဆက်တိုက် လေကြောင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဟော်ဇောင်းရွာ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် အထိအခိုက်များနိုင်ကြောင်း သို့သော်လည်း အင်တာနက် ပိတ်ထားခြင်းကြောင့် အသေးစိတ်အခြေအနေကို မသိရှိရသေးဘူးလို့ အဲဒီ အခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။
“ဟော်စောင်းမှာ မနေ့ကရော ဒီနေ့ရော ချတယ်လို့ ကြားမိတယ်ဗျ။ ထိခိုက်ပျက်စီးမှုတော့ မသိဘူးဗျ။ ဟော်စောင်းမှာ Starlink ပိတ်ထားတယ် အဲ့တာကြောင့် သတင်း မသိနိုင်ဘူး ဖြစ်နေတာ၊ အထိခိုက်အပျက်စီးလဲများတယ် လူသေဆုံးမှုလဲရှိတယ်၊ ဆီကားတန်း မီးလောင်တယ်လို ပြောတယ် မနေ့က” လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက် စတင်ကာ ဟော်ဇောင်းရွာ နဲ့ ဈေးတန်းကို လေကြောင်းမှ ဂျက်ဖိုက်တာ နဲ့ အကြိမ် ၁၈ ကြိမ်၊ Y – 12 တွေအပြင် ဂျိုင်ရိုကော်ပတာတွေနဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အလားတူ ဒီနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာလည်း ဟော်ဇောင်းရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းရွာကို စစ်တပ်က ၂ ရက်ဆက် အကြိမ် ၃၀ နီးပါး ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဒေသခံအချို့ ထိခိုက်မှုရှိပြီး နေအိမ်တွေ မီးလောင်ပျက်စီးမှုလည်း ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ဟုမ္မလင်းမြို့နယ် ပင်နုတ်ဆွတ်ကျေးရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင်း ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် (HPDF) မှ ခွဲမှူးအဆင့်ရှိသူတစ်ဦး အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။


