မိုးညှင်းခရိုင်၊ အင်းတော်ကြီး PDF တွေကို ဗန်မော်ရှေ့တန်းသို့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) က ပို့ဆောင်နေတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ KIA/PDF တို့ရဲ့ ထိုးစစ်ဆင်မှုဟာ တစ်နှစ်ကျော် ကြာမြှင့်လာပြီဖြစ်တာကြောင့် တပ်သားလိုအပ်ချက်တွေရှိလာပြီဖြစ်တယ်လို့ ပြောပါတယ်။
ဗန်းမော်ရှေ့တန်းသို့ ပို့ခံရတဲ့ အင်းတော်ကြီး PDF တွေဟာ ထိခိုက်ဒဏ်ရာ တစုံတရာ ရရှိမှသာ အင်းတော်ကြီးသို့ ပြန်ရောက်လာကြကြောင်း အဲဒီအခြေအနေ သိရှိသူတစ်ဦးက ပြောပါတယ်။
“အင်းတော်ကြီး PDF တွေ အများစုကို ဗန်းမော်ရှေ့တန်းကို ပို့နေတာ တော်တော်များများ ပါသွားကြတယ်၊ ပြန်လာကြတဲ့ဟာတွေလည်း ဒဏ်ရာရလို့ ပြန်လာကြတာပဲ ရှိတယ်။ ဟိုတလောက ၆ ယောက် ဗန်းမော်ရှေ့တန်း ပို့ခံရတယ်၊ ၂ ယောက်ပဲ ပြန်လာတယ်၊ ဒါတောင် ဒဏ်ရာရလို့ ပြန်လာကြတာ” လို့ ပြောပါတယ်။
အခုလအစောပိုင်းကလည်း မိုးညှင်းခရိုင်၊ အင်းတော်ကြီးမြို့ လုံးတုံကျေးရွာရှိ စစ်တပ်စခန်းကို KIA ပူးပေါင်းတပ်အဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
အလားတူ ဇန်နဝါရီလကုန်ပိုင်းကလည်း အင်းတော်ကြီး အရှေ့ကမ်း ဟဲပါးကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA)ရဲ့ ကျားဖြူစစ်ကြောင်း နဲ့ KIA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။
အင်းတော်ကြီးဒေသမှာ စစ်ရေးအခြေအနေမတည်ငြိမ်သော်လည်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်တို့တွေမှာလည်း စစ်တပ် နဲ့ KIA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတာကြောင့် အင်းတော်ကြီး PDF တွေကို ဗန်းမော်ဖက် ပို့ဆောင်နေတာလို့ ဆိုပါတယ်။
အလားတူ ခန္တီး PDF၊ နာဂ PDF ၊ ပင်လည်ဘူး PDF တွေအပြင် စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအင်အားစု အများစုကိုလည်း ပို့ဆောင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း ဗန်းမော်မှာ စစ်တပ် နဲ့ KIA/PDF ပူးပေါင်းတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။