Home စစ်ရေး ဟုမ္မလင်း၊ ပဲနုတ်ဆွပ် လေကြောင်းတိုက်ခိုက်ခံရမှု HPDF မှ ခွဲမှူးအပါအဝင် ၂၀ ကျော် သေဆုံး

ဟုမ္မလင်း၊ ပဲနုတ်ဆွပ် လေကြောင်းတိုက်ခိုက်ခံရမှု HPDF မှ ခွဲမှူးအပါအဝင် ၂၀ ကျော် သေဆုံး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် ပဲနုပ်ဆွပ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် (HPDF) မှ ခွဲမှူးအဆင့်ရှိသူတစ်ဦး အပါအဝင် ပြည်သူ ၂၀ ကျော် သေဆုံးတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့ HPDF ထိန်းချုပ်ထားတဲ့ ပဲနုတ်ဆွပ်ရွာကို မနေ့က ဖေဖော်ဝါရီ ၂၂ ရက်နေ့ ၃ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “မနေ့က ပဲနုတ်ဆွပ်ကို ကြဲတာက ဆိုင်တစ်ခုမှာ ကျတာ အဲမှာ လူ ၂၀ ကျော်လောက် သေသွားတယ်၊ အစအန ရှာမတွေ့တဲ့ဟာတောင် ပါတယ်။ အဲဒီမှာ ကလေးငယ်တွေရော ထိခိုက်ဒဏ်ရာ ရတဲ့သူတွေရော၊ ခြေပျက်လက်ပျက်တွေရော အများကြီးရှိတယ်။ သေဆုံးသူဦးရေကတော့ စုစုပေါင်း ၂၀ ကျော်ရှိတယ်လို့ သိရတယ်။ HPDF ဖက်က ခွဲမှူးအဆင့်ရှိတဲ့သူ သေတယ်၊ အများစုကတော့ ပြည်သူတွေ သေတာပေါ့” လို့ ပြောပါတယ်။

ပဲနုတ်ဆွတ်ကျေးရွာဟာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ HPDF တို့ ထိန်းချုပ်ထားတဲ့ အစပ်မှာ တည်ရှိပြီး HPDF က ဂိတ်တွေဖွင့်ထားကြောင်း၊ လူအများအပြား ရှိနေချိန် ဗုံးကြဲတိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

အဆိုပါ ဟုမ္မလင်းမြို့နယ် ပဲနုတ်ဆွပ်ကျေးရွာကို ဟုမ္မလင်းလေတပ် (ဟလခ) မှတက်လာတဲ့ Gyrocopter – ဂိုင်ရိုကော်ပတာ (၂) စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့မှု ပြုလုပ်ခဲ့တာလို့ People’s Defense Comrade က ထုတ်ပြန်ထားပါတယ်။

ဒေသခံတစ်ဦးက “ ဒီနေ့ နေ့လည်ကလည်း နောင်ပူအောင်ရွာအနီးက ရွှေမှော်တစ်ခုကို စစ်တက် လေကြောင်းကနေ ဗုံးကြဲတယ်၊ ရွှေမျော်တဲ ၃ လုံး မီးလောင်တယ်၊ နောက်ပြီးတော့ သိုလောင်ထားတဲ့ ဆီပေပါတွေလည်း မီးလောင်တယ်၊ လူထိခိုက်မှုတော့ ရှိတယ်၊ အသေးစိတ်အခြေအနေတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

အဲဒီ ရွှေမှော်ကို ဗုံးကြဲတိုက်ခိုက်တာကြောင့် လက်ရှိမှာ ရွှေတူးဖော်မှုကို ရပ်နားထားကြပြီး ဘေးကင်းရာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ဟုမ္မလင်း၊ ပဲနုတ်ဆွပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး HPDF မှ ခွဲမှူးအပါအဝင် ၂၀ ကျော် သေဆုံးတဲ့ ကိစ္စနဲ့ ပတ်သက်၍ HPDF ဖက်က တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပေ။

related posts

Leave a Comment