Home စစ်ရေး မိမိတို့ ထိန်းချုပ်ဒေသတွေကို တပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်နေဟု AA ပြော

မိမိတို့ ထိန်းချုပ်ဒေသတွေကို တပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်နေဟု AA ပြော

by Homeland Author

အခုရက်ပိုင်းအတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ စစ်တပ်က ဂျက်တိုက်လေယာဉ် နှစ်စီး (နှစ်စီးအထက်) နဲ့ ကင်းထောက်လေယာဉ်တွေကို တစ်ပြိုင်တည်းသုံးကာ လေကြောင်းတိုက်ခိုက်မှုများကို အရင်ထက် ပိုမိုလုပ်ဆောင်လာနေတယ်လို့ AA က ထုတ်ပြန်လာပါတယ်။

ဒါကြောင့် ဒေသတွင်းနေ ပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်တွေကို ပိုမို သတိရှိကြရန် ထပ်မံအသိပေးလိုက်ပါတယ်လို့ ပြောပါတယ်။

AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့ နဲ့ မြောက်ဦးမြို့ကို မနေ့က ဖေဖော်ဝါရီ ၁၂ ရက်မှာ စစ်တပ် လေကြောင်း တိုက်ခိုက်မှု ပြုခဲ့တယ်လို့ သိရပါတယ်။

ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် (ဆီဆိုင်ကွင်းဟောင်းအနီး) ကို ဖေဖော်ဝါရီလ (၁၂) ရက်၊ ည (၉) နာရီ (၁၁) မိနစ်အချိန်ခန့်မှာ လေကြောင်းမှ ပေါင် (၅၀၀) ဗုံး (၂) လုံးဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား (၄) ဦး သေဆုံးခဲ့ပြီး နောက်ထပ် (၉) ဦး မှာပြင်းထန် နှင့် အလတ်စားဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

အဲဒီနောက် ည (၉) နာရီ (၂၀) မိနစ် အချိန်ခန့်လည်း မြောက်ဦးမြို့၊ အလယ်စျေးရပ်ကွက်ကို လေကြောင်းမှ ဗုံး (၂) လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး လသားအရွယ် ကလေးငယ်တစ်ဦးနဲ့ ၎င်းရဲ့ မိဘနှစ်ဦးစလုံးပါ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရပ်သား (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၈) ရက်နေ့မှာလည်း သံတွဲမြို့၊ အမှတ် (၃) ရပ်ကွက်ကို စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် (၉) လုံး ပျက်စီးဆုံးရှုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့မှအပ ကျန်မြို့၁၄ မြို့ နဲ့ ချင်းပြည်နယ်အတွင်းရှိ ပလက်ဝမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

related posts

Leave a Comment