စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အင်းတော်မြို့နယ်မှာ လေကြောင်းတိုက်ခိုက်ရတာကြောင့် ဇန်နဝါရီလ တစ်လအတွင်း ပြည်သူ ၁၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Indaw Revolution-IR က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ည ၉ နာရီခန့်မှာ အင်းတော်မြို့နယ် လေဘိုရွာကို စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းနဲ့ ဗုံးနှစ်လုံးကြဲချခဲ့တာကြောင့် အရပ်သား (၈) ဦး သေဆုံးပြီး (၂) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နေအိမ် (၂) လုံးလည်း ပျက်ဆီးခဲ့သလို သေဆုံးသွားတဲ့ (၈) ဦးမှာ (၇) ဦးမှာ မိသားစုဝင်တစ်စုထဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသွားတဲ့သူတွေကတော့ အသက် (၇၀) အရွယ် ဦးအောင်သန်းနဲ့ သားသမီးတွေဖြစ်တဲ့ အသက် (၄၈) နှစ် အရွယ် ဒေါ်ခင်စိုးကြည်၊ အသက် (၄၅) နှစ်အရွယ် ဒေါ်ခင်ပြုံးရီ၊ အသက် (၂၆) နှစ်အရွယ် မနွယ်မျိုးခိုင်၊ အသက် (၃၈)နှစ် အရွယ် ဦးစံသိန်း၊ ဦးစံသိန်းရဲ့ ဇနီးနဲ့သမီးဖြစ်တဲ့ အသက် (၃၃) နှစ်အရွယ် ဒေါ်ညိုညိုစိန်၊ (၃) နှစ်အရွယ် မယုဝတီတို့ မိသားစုတစ်စု နဲ့ ဘေးအိမ်က အသက် (၆၉)နှစ်အရွယ် ဒေါ်ဝါးခင်တို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း မာန်ဟဲရွာထိပ်ကို လေယာဉ်နဲ့ ဗုံးကြဲလို့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးကာ အရပ်သား (၂) ဦးဒဏ်ရာရရှိခဲ့ကြောင်း အလားတူ နေအိမ် (၂) လုံး ပျက်စီးပြီး နွားတစ်ကောင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အခုလ အစောပိုင်း ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ပဲခူး နဲ့ ရွာရှည်ရွာကြားကို စစ်တပ်က လေယာဉ် နဲ့ ဗုံးကြဲတာကြောင့် G12 ကျောင်းသူတစ်ဦးသေဆုံးပြီး နောက်ထပ်ကျောင်းသူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အင်းတော်မြို့နယ်၊ မော်လူးဒေသကို စစ်တပ်က တလအတွင်း လေကြောင်းတိုက်ခိုက်မှု (၃) ကြိမ် ပြုလုပ်ခဲ့သလို လက်တလောမှာလည်း လေကြောင်းပျံသန်းမှုတွေ ခပ်စိပ်စိပ် တွေ့လာရတယ်လို့ ဆိုပါတယ်။