မိမိတို့ တပ်ဖွဲ့အတွင်းမှ ထွက်ပြေးလျက်ရှိနေတဲ့ တပ်ပြေးရဲဘော်တွေအနေဖြင့် ပြန်မလာပါက စစ်စည်းကမ်းအတိုင်း ဖမ်းဆီးအရေးယူသွားမယ်လို့ ကသာခရိုင်အမှတ် ၄ တပ်ရင်းမှ ဇန်နဝါရီ ၂၇ ရက်စွဲဖြင့် ဒီနေ့မှာ ထုတ်ပြန်လာပါတယ်။
ကသာခရိုင်အမှတ် ၄ တပ်ရင်းမှ ခွင့်မဲ့၊ ခွင့်လွန်၊ တပ်ပြေးတွေနဲ့ ပတ်သက်၍ ဖေဖော်ဝါရီ ၂၈ ရက် နောက်ဆုံးထား၍ ကသာခရိုင်အမှတ် ၄ တပ်ရင်းသို့ လူကိုယ်တိုင်လာရောက်၍ သတင်းပို့ပြန်လည်တာဝန်ထမ်းဆောင်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ သတ်မှတ်ကာလအတွင်း သတင်းပို့အကြောင်းကြားဖို့ ပျက်ကွက်ခဲ့ပါက စစ်စည်းကမ်းအတိုင်း ဖမ်းဆီးအရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကချင်လက်နက်ကိုင်အဖွဲ့ (KIA) လက်အောက်ခံအဖွဲ့အစည်းဖြစ်တဲ့ ကသာခရိုင်အမှတ် ၄ တပ်ရင်းဟာ ဗန်းမောက်မြို့သိမ်းတိုက်ပွဲတွေမှာလည်း ပါဝင်တိုက်ခိုက်လျက်ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိ ဗန်းမောက်မြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) နဲ့ KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပြီး SNA ဖက်က မြို့နေရာအချို့၊ ရန်သူ့အလောင်းတွေ သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
SNA ထံ လာရောက်အလင်းဝင်တဲ့ PDF ရဲဘော်တွေ အများအပြားရှိနေပြီး SNA က ငွေကြေးထောက်ပံ့မှုပေးပြီး ကောင်းမွန်စွာထားရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
တဖက်မှာလည်း ဗန်းမော်မြို့သိမ်းတိုက်ပွဲကို KIA အဖွဲ့က ဆင်နွှဲလျက်ရှိနေပြီး တပ်သားလိုအပ်ချက်တွေကြောင့် ကသာခရိုင်အတွင်းက PDF အပါအဝင် ပင်လည်ဘူး PDF တွေကိုလည်း ဗန်းမော်မြို့သို့ ပို့ဆောင်နေတယ်လို့ သိရပါတယ်။