နာဂတပ်ဖွဲ့တွေဖြစ်ကြတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) နဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင် (NSCN-K/YA)တို့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ ပန်ဆောင်မြို့နယ်မှာ တပ်စွဲထားတဲ့ NSCN-K/AM အဖွဲ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့က NSCN-K/YA က တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ ဒီနေ့ ဇန်နဝါရီ ၁၂ ရက် မနက် ၆ နာရီအချိန် တကား နဲ့ နမ်ဖာကြား (၁၈) မိုင်နေရာရှိ NSCN-K/YA စခန်းကို NSCN-K/AM က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တိုက်ခိုက်မှုအတွင်း NSCN-K/YA တပ်ဖွဲ့ဝင်တွေ သေဆုံးမှု အများအပြား ရှိခဲ့ပြီး ဆက်သွယ်ရေး အခက်အခဲတွေကြောင့် အသေးစိတ်အချက်အလက်ကို မသိရှိရသေးကြောင်း၊ ၎င်းတို့ရဲ့ စခန်းကိုလည်း ထိန်းချုပ်နိုင်ခဲ့တယ်လို့ NSCN-K/AM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဇန်နဝါရီ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပန်ဆောင်မြို့နယ် ခမ္မတိုင်ကျေးရွာ တိုက်ပွဲဖြစ်ပွားအတွင်းမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင် (NSCN-K/AM) ဖက်က ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ပါတယ်။
အိန္ဒိယ – မြန်မာနယ်စပ်မှာရှိတဲ့ ပန်ဆောင်ဒေသကို အခုလ ဇန်နဝါရီ ၁ ရက်နေ့မှစ၍ NSCN-K/AM က အခြေစိုက်လှုပ်ရှားလာခဲ့ပြီးနောက် နာဂလက်နက်ကိုင်တပ်ဖွဲ့ နှစ်ဖြစ်တဲ့ NSCN-K/AM နဲ့ NSCN-K/YA တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလာခဲ့တာပဲ ဖြစ်ပါတယ်။
အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း နန်းယွန်းမြို့နယ်အတွင်းမှာ NSCN-K/AM က တပ်စခန်း နဲ့ ဂိတ်တွေ တိုးချဲ့လုပ်ဆောင်လာတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှုတွေ ရှိခဲ့ပါတယ်။